တောင်အာဖရိက၊ ဘယ်လာရုစ်အပါအဝင် ရပ်ဝန်းနှင့် ပိုးလမ်းတစ်လျှောက်ရှိနိုင်ငံများမှ စားသောက်ကုန် ၁၅ မျိုးကို တရုတ်ဈေးကွက်သို့တင်သွင်းခွင့်ရရှိနိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေစီမံအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)မှ အောက်တိုဘာလ ၁၅ ရက်တွင် ခွင့်ပြုပေးခဲ့ကြောင်း China Daily သတင်းစာ၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်တွင် “China grants market access to 15 food categories from 10 BRI countries” ခေါင်းစဉ်ဖြင် ဖော်ပြထား ပါသည်။
ရှန်ဟိုင်းမြို့တွင်ပြုလုပ်ခဲ့သည့် ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိနိုင်ငံများအတွက် အစားအစာပို့ကုန်နှင့် သွင်းကုန်အန္တရာယ်ကင်းရှင်းရေးပူးပေါင်းဆောင်ရွက်မှုယန္တရား(Import & export Food safety Cooperation Mechanism)ညီလာခံတွင် အဆိုပါကုန်စည် ၁၅ မျိုး ဈေးကွက်ဝင်ရောက်ခွင့်ရရှိနိုင်မှု ကြေညာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
မကြာသေးသောနှစ်များအတွင်း တရုတ်နိုင်ငံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်မှ မိတ်ဖက်နိုင်ငံများအကြား ကုန်သွယ်မှု၌ စားသောက်ကုန်ကုန်သွယ်မှုကို အလေးထားပြုလုပ်လာကြပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ တရုတ်နိုင်ငံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်မှ မိတ်ဖက်နိုင်ငံများအကြား စားသောက်ကုန်ကုန်သွယ်မှုမှာ ယွမ်ငွေ ၉၁၅.၂၄ ဘီလီယံရှိခဲ့ပြီး၊ ယခင်နှစ် အလားတူကာလထက် ၂.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
၂၀၂၃ ခုနှစ် Import & export Food safety Cooperation Mechanism စတင်တည်ထောင်ခဲ့ချိန်မှစ၍ တိုးတက်မှု သိသိသာသာရရှိခဲ့ကြောင်း၊ green channels ဖြင့် တင်ပို့နိုင်ခြင်းကြောင့် ထိုင်းနိုင်ငံမှ လတ်ဆတ်သောဒူးရင်းသီးများသည် တရုတ်ဈေးကွက်သို့ ၁၃ နာရီအတွင်း ရောက်ရှိနိုင်သကဲ့သို့ တရုတ်နိုင်ငံမှ ဆယ်လ်မွန်ငါးများသည်လည်း အင်ဒိုနီးရှားဈေးကွက်သို့ ၃၉ နာရီအတွင်း ရောက်ရှိ နိုင်ကြောင်း GACC အကြီးအကဲ Sun Meijun က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)