ကုန်သွယ်မှုဆိုင်ရာမသေချာမရေရာမှုများနှင့် တောင်ကိုရီးယားဝမ်ငွေတန်ဖိုးကျဆင်းနေခြင်းတို့ကြောင့် ၂၀၂၅ ခုနှစ်၊ ပထမ(၉)လအတွင်း တောင်ကိုရီးယားနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကတိကဝတ်(Foreign Direct Investment(FDI)Pledges)သည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်လျှင် ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ၁၅-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ ပထမ(၉)လအတွင်း တောင်ကိုရီးယားနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံမှုပြုလုပ်ရန် ကတိပြုထားမှုဝင်ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၂၀.၆၅ ဘီလီယံသာရှိခဲ့ပါသည်။ အဆိုပါပမာဏသည် ယခင်နှစ်အလားတူကာလပမာဏဖြစ်သည့် ၂၅.၁၈ ဘီလီယံနှင့်နှိုင်းယှဉ်လျှင် လျော့နည်းကျဆင်းခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ပထမ(၉)လအတွင်း တောင်ကိုရီးယားသို့ အမှန်ရောက်ရှိလာသော ရင်းနှီး မြှုပ်နှံမှုပမာဏ(The actual amount of investment that arrived in Korea) သည် တစ်နှစ်လျှင် ၂ ရာခိုင်နှုန်းလျော့ကျကာ အမေရိကန်ဒေါ်လာ ၁၁.၃ ဘီလီယံသာရရှိခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ ပထမ(၉)လအတွင်း အမေရိကန်ဒေါ်လာနှင့် တောင်ကိုရီးယားဝမ်ငွေလဲလှယ်နှုန်းသည် ပျမ်းမျှအားဖြင့် တစ်ဒေါ်လာလျှင် ၁၄၁၂.၇၉ ဝမ်ရှိနေသည့် အတွက် ယခင်နှစ်အလားတူကာလက ပျမ်းမျှနှုန်းထား(တစ်ဒေါ်လာလျှင် ၁၃၅၂ .၈၅ ဝမ်)နှင့်နှိုင်းယှဉ်လျှင် ဝမ်ငွေတန်ဖိုးသိသိသာသာကျဆင်းလာသည်ဟု ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။
ဝန်ဆောင်မှုကဏ္ဍတွင် FDI ဝင်ရောက်မှုကျဆင်းလာသော်လည်း ဉာဏ်ရည်တုကဏ္ဍ(Artificial Intelligence-AI Sector)သည် FDI များကို ဆက်လက်ဆွဲဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် တောင်ကိုရီးယားနိုင်ငံ၏ အခြေခံအချက်အလက်များ ယုံကြည်မှုရှိကြပါကြောင်း၊ အစိုးရအနေဖြင့်လည်း FDI များကို ဆက်လက်ဆွဲဆောင်နိုင်ရေး အစွမ်းကုန်ကြိုးစားအားထုတ်သွားမည် ဖြစ်ပါကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။
Source: Korea Times
(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)