ဘရာဇီးလ်နိုင်ငံသည် တရုတ်နိုင်ငံသို့ ပဲပုပ်နှင့် အမဲသားတင်ပို့မှုကို မြှင့်တင်လျက်ရှိပြီး ကမ္ဘာ့ကုန်သွယ်ရေးစိန်ခေါ်မှုများနှင့် အကောက်ခွန်ဖိအားများကြားတွင် တရုတ်နှင့် လက်တင်အမေရိကနိုင်ငံများအကြား ကုန်သွယ်မှုခိုင်မာလာခြင်းကို မီးမောင်းထိုးပြသည့်လုပ်ရပ်တစ်ခုဟု တရုတ်ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ဘရာဇီးလ်နိုင်ငံသည် ပဲပုပ်တန်ချိန် (၁၀၂)သန်းခန့် တင်ပို့နိုင်ဖွယ်ရှိပြီး ၂၀၂၃ ခုနှစ်တွင် စံချိန်တင်ခဲ့သည့် တန်ချိန် (၁၀၁)သန်းထက် ကျော်လွန်တင်ပို့နိုင်ခဲ့ကြောင်း ဘရာဇီးလ်အမျိုးသားသီးနှံတင်ပို့သူများအသင်း(Brazilian National Association of Grain Exporters -ANEC)မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရှိရပါသည်။
ANEC ၏ကိန်းဂဏန်းများအရ တရုတ်နိုင်ငံသည် ဘရာဇီး၏ ပဲပုပ်အများဆုံးတင်ပို့သည့် နေရာဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဘရာဇီးလ်မှ ပဲပုပ်တင်ပို့မှု၏ (၇၉) ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ပဲပုပ်အပြင် အမဲသားကဲ့သို့သောအခြားထုတ်ကုန်များသည်လည်း တရုတ်ဈေးကွက်တွင် နေရာယူလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသို့ ဘရာဇီးလ်၏ အမဲသားတင်ပို့မှု သည် စက်တင်ဘာလတွင် တစ်နှစ်ထက်တစ်နှစ် (၃၈.၃)ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တန်ချိန်(၁၈၇,၃၄၀)အထိရှိခဲ့ကြောင်း စက်မှုလုပ်ငန်းအုပ်စု Abrafrigo က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားကြောင်း သိရှိရပါသည်။
ဘရာဇီးလ်ကဲ့သို့သော တောင်အမေရိကနိုင်ငံများမှ ပဲပုပ်နှင့် အသားများတင်ပို့မှု သည် အဓိကကုန်သွယ်ဖက်ဖြစ်သည့် တရုတ်ဈေးကွက်ကို အဓိကထားပြီး အမေရိကန်၏အခွန်ကောက်ခံမှုကြောင့် ကမ္ဘာတစ်ဝန်းအကြပ်အတည်းများကြားတွင် ကုန်သွယ်မှုအခင်းအကျင်းသစ်ကို မီးမောင်းထိုးပြလျက်ရှိကြောင်း ပေကျင်းရှိ China Institute of International Studies မှ ဖွံ့ဖြိုးဆဲနိုင်ငံများအဖွဲ့ ဒါရိုက်တာ Wang Youming က Global Times သို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသည် လက်တင်အမေရိက၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ဆက်လက်ရပ်တည်လျက်ရှိပြီး ဘရာဇီးလ်၊ ချီလီနှင့် ပီရူးစသည့်နိုင်ငံများအတွက် အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်ဟု သိရှိရပါသည်။
အမေရိကန်၏ စည်းကြပ်ခွန်မြင့်မားမှုဖိအားအောက်တွင် ကုန်သွယ်ရေးအခက်အခဲများကို လျှော့ချရန် တောင်အမေရိကကုမ္ပဏီများသည် တရုတ်နိုင်ငံသို့ ပို့ကုန်များတိုးမြှင့်တင်ပို့လျက်ရှိပြီး တရုတ်၏ ကြီးမားသောစားသုံးသူဈေးကွက်သည် အဆိုပါထုတ်ကုန်များအတွက် အခွင့်အလမ်းကောင်းများကို ပေးအပ်လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံတည်းကို မှီခိုအားထားမှုလွန်ကဲခြင်းကြောင့် ဖြစ်ပေါ်လာသော ကုန်သွယ်မှုအန္တရာယ်များကို လျှော့ချရန် တရုတ်ကုမ္ပဏီများသည် တင်သွင်းသည့်နိုင်ငံများ မတူကွဲပြားစေရန် လုပ်ဆောင်လျက်ရှိကြောင်း ကျွမ်းကျင်သူက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
တရုတ်နိုင်ငံသည် ဘရာဇီးလ်၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် (၁၆)နှစ်ဆက်တိုက်ရပ်တည်လျက်ရှိပြီး တရုတ်-ဘရာဇီးလ်ဆက်ဆံရေး၏အရေးပါမှုကို ပြသခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ဝက်ဘ်ဆိုဒ်တွင် စက်တင်ဘာလတွင်ထုတ်ပြန်သည့် ဆောင်းပါးတစ်ခုအရသိရှိရပါသည်။
Global Times နှင့်ယခင်အင်တာဗျူးတစ်ခုတွင် ဘရာဇီးပဲပုပ်စိုက်ပျိုးသူများအသင်း (Aprosoja Brasil)၏ဥက္ကဋ္ဌ Maurício Buffon က တရုတ်နိုင်ငံသည် ဘရာဇီးလ်၏ ပဲပုပ်တင်ပို့မှုအတွက် ထိပ်တန်းနေရာတစ်ခုဖြစ်ခဲ့ပြီး ဘရာဇီးလ်နိုင်ငံ၏ ပဲပုပ်တင်ပို့မှုစုစုပေါင်း၏ (၇၀)မှ (၈၀)ရာခိုင်နှုန်းရှိကြောင်းနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် အလားအလာများစွာကျန်ရှိနေသေးကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ဘရာဇီးလ်နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုမိတ်ဖက်ဆက်ဆံရေးသည် ဘရာဇီးလ်နိုင်ငံအတွက် အလွန်အရေးကြီးကြောင်းနှင့် ၎င်းတို့၏ထုတ်ကုန်များသည် ကြီးမားသော တရုတ်ဈေးကွက်ကို ရရှိရန်အတွက် အကောင်းဆုံး cost-benefit ratio ကို ပေးထားကြောင်း Buffon က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ပဲပုပ်နှင့် အမဲသားအပြင် ပြောင်းကဲ့သို့သော အခြားလယ်ယာထွက်ကုန်များသည် ဘရာဇီးလ်မှ တရုတ်နိုင်ငံသို့ အဓိကတင်ပို့သည့်ပစ္စည်းများလည်းဖြစ်ကြောင်း Wang က ပြောကြားခဲ့ပြီး အပြန်အလှန်အကျိုးရှိစေရန် တရုတ်-ဘရာဇီးလ်ကုန်သွယ်ရေးကို ပိုမိုတိုးချဲ့နိုင်သည့် အခွင့်အလမ်းများစွာရှိနေကြောင်းလည်း ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။
Source: https://en.people.cn/n3/2025/1010/c90000-20374894.html
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)