ထိုင်းနိုင်ငံနှင့် အမေရိကန်တို့အကြား အခွန်နှုန်းထားနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုသည် တိုးတက်မှုရှိနေပြီး နှစ်ဖက်စလုံးက အခွန်နှုန်းထားကို ၁၀ ရာခိုင်နှုန်းအောက်လျော့ နည်းသဘောတူညီမှုရရှိနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ပြောကြားချက်အရ သိရှိရပါသည်။
နှစ်နိုင်ငံအစိုးရအရာရှိများအကြား ညှိနှိုင်းဆွေးနွေးမှုသည် ဗီဒီယိုကွန်ဖရင့်ပုံစံဖြင့်ဖြစ်ပြီး ထိုင်းနိုင်ငံသည် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်သည့်အဆိုပြုလွှာကို တင်ပြခဲ့ကြောင်း၊ ဝန်ကြီးဌာနအဆင့်ဆွေးနွေးမှုအတွက် ရက်မသတ်မှတ်ရသေးပါကြောင်း၊ အသေးစိတ်ဆွေးနွေးမှုနှင့် ထိုင်းပို့ကုန်များအပေါ် အမေရိကန်၏အခွန်ကောက်ခံမှုသည် အဘယ့်ကြောင့် ၃၆ ရာခိုင်နှုန်း အောက်လျော့နည်းရန်ထင်မြင်ထားသည်ကို ထုတ်ဖော်မပြောကြားသေးပါကြောင်း၊ ဆွေးနွေးမှုသည် ယခုရက်သတ္တပတ်တွင် ပိုမိုရှင်းလင်းလာမည်ဖြစ်ပြီး ပြင်ဆင်ထားချက်များအရ ညှိနှိုင်းမှုများသည် အောင်မြင်နိုင်ကြောင်း ဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့သည်။
အမေရိကန်သည် ၎င်းနှင့် အခွန်ဆိုင်ရာညှိနှိုင်းရန် ကတိကဝတ်ပြသသည့်နိုင်ငံများအတွက် သွင်းကုန်တိုးမြှင့်ခြင်းနှင့်စပ်လျဉ်း၍ စဉ်းစားချိန်ကာလကိုတိုးမြှင့်ရန် သဘောထားရှိသည်ကိုပြသပါကြောင်း၊ မိမိတို့အနေဖြင့် ညှိနှိုင်းလိုသည့်သဘောကို ပြသခဲ့ပြီး သင့်တင့်သောအခွန်နှုန်းထားဖြစ်စေရန် ယုံကြည်ပြီး ထိုင်းနိုင်ငံအတွက် အခွန်ကို ၁၀ ရာခိုင်နှုန်းမှန်းထားပါကြောင်း၊ ယင်းနှုန်းထားသည် ပို့ကုန်စွမ်းဆောင်ရည်ကို ခိုင်မာစေပြီး နိုင်ငံ၏ယှဉ်ပြိုင်မှုကိုလည်း ထိန်းထားပါကြောင်း၊ နိုင်ငံတကာအစည်းအဝေးများတွင် ထိုင်းနိုင်ငံစီးပွားရေးသည် ရုန်းကန်နေရသော်လည်း ဘတ်ငွေခိုင်မာနေမှုအပေါ် မေးခွန်းထုတ်ကြပါကြောင်း၊ ဂျပန်နှင့် ဗီယက်နမ်အပါ အဝင် ယှဉ်ပြိုင်ဖက်နိုင်ငံများ၏ ငွေကြေးများသည် အားနည်းနေပါကြောင်း၊ ထိုင်းဘဏ်ဥက္ကဋ္ဌအသစ်အနေဖြင့် ငွေကြေးပြဿနာကို ဖြေရှင်းလိမ့်မည်ဖြစ်ပြီး ပို့ကုန်များနှင့် ခရီးသွားလုပ်ငန်းကို အထောက်အကူဖြစ်စေရန် ဘတ်ငွေတန်ဖိုးအားနည်းစေရေးဆောင်ရွက်သွားနိုင်ရာ ၁ ဒေါ်လာလျှင် ၃၇ ဘတ်မှ ၃၈ ဘတ်ကြားဖြစ်နိုင်ကြောင်း ဝန်ကြီး Mr. Pichai က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)