International News

တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း လူသုံးကုန်ပစ္စည်း ယွမ်(၇.၄)ထရီလီယံတင်သွင်းခဲ့

Last Updated:

တရုတ်နိုင်ငံသည် 14th Five Year Plan(2021-2025)၏ပထမလေးနှစ်ဖြစ်သော ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ယွမ်ငွေ(၇.၄)ထရီလီယံ(အမေရိကန်ဒေါ်လာ ၁.၀၃ ထရီလီယံခန့်)တန်ဖိုးရှိ လူသုံးကုန်ပစ္စည်းများတင်သွင်းခဲ့ကြောင်း တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Wang Wentao က ၁၈-၇-၂၀၂၅ ရက်နေ့တွင်ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကိန်းဂဏန်းများကို ကိုးကား၍ တရုတ်ပြည်မကြီးနှင့် တရုတ်နိုင်ငံ၊ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသမှ ကုန်ပစ္စည်းတင်သွင်းမှုသည် ၂၀၂၄ ခုနှစ်တွင် တစ်ကမ္ဘာလုံးတင်သွင်းမှု၏ (၁၃.၃)ရာခိုင်နှုန်းခန့်ရှိကာ အမေရိကန်က (၁၃.၆)ရာခိုင်နှုန်းရှိကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ထို့ကြောင့် တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံးသွင်းကုန်ဈေးကွက်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနှင့်တန်းတူနီးပါးရှိကာ နိုင်ငံနှင့်ဒေသပေါင်း(၈၀)နီးပါးအတွက် အဓိကပို့ကုန်ဈေးကွက်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အရည်အသွေးမြင့်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို တရုတ်ဈေးကွက်သို့ တင်သွင်းမှုကို တွန်းအားပေးရန်အတွက် တရုတ်နိုင်ငံသည် နိုင်ငံတကာထုတ်ကုန်ပစ္စည်းများသုံးစွဲသည့်အချက်အချာမြို့များကို တည်ထောင်ခဲ့ပြီး ဆန်းသစ်တီထွင်မှုနှင့် သွင်းကုန်မြှင့်တင်ရေးတို့အတွက် အမျိုးသားသရုပ်ပြဇုန်များထူထောင်ကာ တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန်ကုန်စည်ပြပွဲနှင့် တရုတ်အပြည်ပြည်ဆိုင်ရာ လူသုံးကုန်ကုန်စည်ပြပွဲများကဲ့သို့သောအဓိကကုန်စည်ပြပွဲများကို ကျင်းပခဲ့ကြောင်း Wang က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ကျယ်ပြန့်သောဈေးကွက်သည် ကမ္ဘာ့စီးပွားရေးအတွက် မျှဝေသည့် စျေးကွက်ဖြစ်လာပြီး ကမ္ဘာ့စီးပွားရေးအတွက် အဓိကကျသောတိုးတက်မှုနှင့် အသက်ဝင်သောအရင်းအမြစ်အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဟု ၎င်းကသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

တရုတ်နိုင်ငံသည် (၈)နှစ်ဆက်တိုက် ကမ္ဘာ့အကြီးဆုံးကုန်စည်ကုန်သွယ်သည့် နိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီး စုစုပေါင်းကုန်သွယ်မှုပမာဏသည် ၂၀၂၄ခုနှစ်တွင် အမေရိကန် ဒေါ်လာ(၆.၁၆)ထရီလီယံအထိရှိလာခဲ့ကာ ၂၀၂၀ ပြည့်နှစ်ထက် (၃၂.၄) ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။

ထိုအတောအတွင်း အမေရိကန်သို့ တရုတ်နိုင်ငံ၏ပို့ကုန်တင်ပို့သည့်ဝေစုသည် ၂၀၂၀ ပြည့်နှစ်တွင် စုစုပေါင်းတင်ပို့မှု၏ (၁၇.၄)ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် (၁၄.၇)ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း Wang မှ ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုကို ပံ့ပိုးပေးသည့်ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များသည် ပိုမိုပြီးပြည့်စုံလာပြီး လိုက်လျောညီထွေရှိ၍ ထိရောက်မှုရှိလာကာ စွန့်စားမှုများနှင့် စိန်ခေါ်မှုများကိုဖြေရှင်းရာတွင် နိုင်ငံ၏ခံနိုင်ရည်အားနှင့် ယုံကြည်မှုတို့ကိုမြှင့်တင်ပေးသည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ဝန်ဆောင်မှုကုန်သွယ်ရေးလိုငွေပြနေခြင်းကို ကာလရှည်ကြာစွာ ရင်ဆိုင်နေရပြီး အမေရိကန်ပြည်ထောင်စုသည် ယင်းလိုငွေပြမှု၏အကြီးဆုံးရင်းမြစ် ဖြစ်သည်ဟု Wang က ပြောကြားခဲ့ကြောင်း၊ အလားတူ တရုတ်နိုင်ငံသည် အမေရိကန်၏ကုန်စည်ကုန်သွယ်ရေးလိုငွေပြမှုကို အများဆုံးဖြစ်စေသော နိုင်ငံဆိုသည့်အချက်ကိုကြည့်ပါက နှစ်နိုင်ငံအကြား အပြန်အလှန်အားသာချက်များရှိနေသည်ကို ထင်ဟပ်စေသည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လာမည့် 15th Five-Year Plan period(2026-2030)ကိုမျှော်မှန်း၍ ပို့ကုန်နှင့် သွင်းကုန်နှစ်ခုစလုံးတွင် အာရုံစိုက်ကာ အရည်အသွေးမြင့်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ရန်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာမြှင့်တင်ရန်နှင့် ကုန်သွယ်မှုကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source: https://english.news.cn/20250718/501ecbf84df54781b4cdff9c5cbfcc86/c.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)  

Category: International News