International News

စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် အမေရိကန်၏ အခွန်နှုန်းထားအရ ဖိလစ်ပိုင်နိုင်ငံထက် အင်ဒိုနီးရှားနိုင်ငံမှ ပိုမိုအကျိုးအမြတ်ရရှိစေနိုင်မည်ဖြစ်

Last Updated:

အမေရိကန်နိုင်ငံမှ သတ်မှတ်လိုက်သည့် အခွန်နှုန်းထားအသစ်အရ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများတင်ပို့ရာတွင် အင်ဒိုနီးရှားနှင့် ကာလကြာရှည်စွာ ယှဉ်ပြိုင်နိုင်စွမ်းရှိမည်မဟုတ်ကြောင်း၊ ၁၆-၇-၂၀၂၅ ရက်နေ့က အမေရိကန်သမ္မတထရမ့်မှ အင်ဒိုနီးရှားနိုင်ငံသို့ မူလကသတ်မှတ်ခဲ့သည့် အခွန်နှုန်းထား ၃၂% မှ ၁၉% သို့ လျှော့ချသတ်မှတ်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံအပေါ် မူလက ၁၇% မှ ၂၀%သို့တိုးမြင့်သတ်မှတ်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။အမေရိကန်နိုင်ငံသို့ ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနှစ်နိုင်ငံစလုံးမှ တင်ပို့နေသည့်ပစ္စည်းများမှာ စိုက်ပျိုး ရေးထွက်ကုန်ပစ္စည်းများနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများဖြစ်ပါသည်။ ထို့ပြင် နှစ်နိုင်ငံစလုံးမှ အမေရိကန်နိုင်ငံသို့ coconut products များကိုလည်းတင်ပို့လျက်ရှိပြီး နှစ်နိုင်ငံစလုံး၏ ထိပ်တန်းပို့ကုန်အမယ်တစ်ခုလည်းဖြစ်ပါသည်။

ထို့ပြင် ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး coconut products တင်ပို့သည့် နိုင်ငံဖြစ်ခဲ့ရာမှ အင်ဒိုနီးရှားနိုင်ငံသို့ အဆိုပါနေရာအား လွှဲပေးခဲ့ရပါသည်။ မူလက သတ်မှတ်ထားခဲ့သည့်နှုန်းထားနှင့် ကွာခြားခဲ့ခြင်းကြောင့် coconut products များတင်ပို့ရာတွင် ယှဉ်ပြိုင်နိုင်စွမ်းကျဆင်းလာနိုင်ပါကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားထားသည်ကို တွေ့ရှိရပါသည်။ သို့ရာ တွင်ယခုသတ်မှတ်ထားသည့် အခွန်နှုန်းထားသည် အတည်မဖြစ်သေးဘဲ ဖိလစ်ပိုင်အစိုးရအနေဖြင့် ညှိနှိုင်းလျက်ရှိပါကြောင်း၊ သမ္မတမားကို့စ်ဂျူနီယာသည်လည်း အမေရိကန်နိုင်ငံသို့ ဇူလိုင်လ ၂၀ မှ ၂၂ ရက်အတွင်း သမ္မတဒေါနယ်ထရမ့်နှင့်တွေ့ဆုံညှိနှိုင်းရန် ဝါရှင်တန်ဒီစီသို့ သွားရောက်လျက်ရှိကြောင်း ဖော်ပြပါရှိပါသည်။

အင်ဒိုနီးရှားနိုင်ငံနှင့်အမေရိကန်တို့ အခွန်နှုန်းထားကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းရာတွင် အရှေ့တောင်အာရှနိုင်ငံမှ ဘိုးအင်းလေယာဉ်အစီး ၅၀၊ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံနှင့် စွမ်းအင်ဆိုင်ရာကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံဝယ်ယူရန် ကတိကဝတ်ပြုခဲ့ကြောင်း သမ္မတဒေါ်နယ်ထရမ့်မှပြောကြားခဲ့ပါသည်။ အမေရိကန်မှ အသစ်သတ်မှတ်ခဲ့သည့် အခွန်နှုန်း ထားစတင်အသက်ဝင်မည့်နေ့မှာ ၁-၈-၂၀၂၅ ရက်နေ့ဖြစ်ပါသည်။

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News