International News

၂၀၂၅ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံ၏ ဆန်အထွက်နှုန်းမှာ စံချိန်တင်များပြားလာနိုင်

Last Updated:

၂၀၂၅ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံအနေဖြင့် ဆန် ၇.၃၅ သန်းတန်ထုတ်လုပ်နိုင်ပြီး ယခင်နှစ် ရိတ်သိမ်းကာလတွင် ထွက်ရှိခဲ့သည့် ပမာဏထက် ၅၆၀,၀၀၀ တန်ပိုမိုများပြားလာနိုင်မည်ဖြစ်ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း ၁၅-၇-၂၀၂၅ ရက်နေ့ထုတ် The Mainichi သတင်းစာတွင် “Japan forecasts record hike in 2025 rice production” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လကုန်တွင် လယ်သမားများထံ စစ်တမ်းကောက်ယူခဲ့မှုအပေါ်အခြေခံ၍ ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆန်ထွက်ရှိနိုင်မှုပမာဏကိုခန့်မှန်းခဲ့ခြင်းဖြစ်ကြောင်း ဂျပန်စိုက်ပျိုးရေးဝန်ကြီး Shinjiro Koizumi က ပြောကြားခဲ့ကြောင်း၊ စစ်တမ်းအရ ဂျပန်နိုင်ငံရှိ မြေဧရိယာဟက်တာ ၁.၃၆ သန်းတွင် စပါးစိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၄ ဘဏ္ဍာနှစ် စိုက်ဧက ၁၀၄,၀၀၀ ဟက်တာထက် များပြားလာမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ယခင်နှစ်နွေရာသီတွင် ဆန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့မှုကို လျှော့ချနိုင်ရေးအတွက် ဂျပန်အစိုးရအနေဖြင့် အရန်ဆန်များကို ထုတ်ရောင်းပေးခဲ့သည့် အတွက် ပျမ်းမျှဆန်ဈေးမှာ ကျဆင်းလာလျက်ရှိသော်လည်း အမှတ်တံဆိပ်ပါရှိသည့်ဆန်ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်လျက်ရှိခြင်းကြောင့် လယ်သမားများအား ဆန်တိုးမြှင့်ထုတ်လုပ်နိုင်ရန် တွန်းအားဖြစ်စေလျက်ရှိကြောင်း၊ သို့သော် ဆာကေးထုတ်လုပ်သည့် ဆန်စိုက်ပျိုးထုတ်လုပ်မှုမှာ ကျဆင်းလျက်ရှိမှုအပေါ် ဖြေရှင်းနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်စိုက်ပျိုးရေးဝန်ကြီးက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

၂၀၂၅ ဘဏ္ဍာနှစ်တွင် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဆန်ထွက်ရှိမှုပမာဏ တန်ချိန် ၅၆၀,၀၀၀ တိုးမြှင့်လာနိုင်မှုမှာ ၂၀၀၄ ဘဏ္ဍာနှစ်မှစတင်၍ အများဆုံးဖြစ်မည်ဖြစ်ကြောင်း၊ ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆန်ထွက်ရှိမှုပမာဏမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၆၀,၀၀၀ တန်များပြားနိုင်မည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ခန့်မှန်းခဲ့ကြောင်းနှင့် ယခုအခါ အဆိုပါခန့်မှန်းချက်ထက်ပင် များပြားလာခဲ့ခြင်းဖြစ် ကြောင်း၊ ဂျပန်နိုင်ငံစိုက်ပျိုးရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီးဌာနအနေဖြင့် စပါးရိတ်သိမ်းချိန်မတိုင်မီ ဆန်ထွက်ရှိနိုင်မှုပမာဏကို နှစ်စဉ် ဇန်နဝါရီလ၊ ဧပြီလနှင့် ဇွန်လတို့တွင် ၃ ကြိမ်စစ်တမ်းကောက်ယူလေ့ရှိကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News