တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ဗဟိုဘဏ်များသည် (၁၁-၉-၂၀၂၅)ရက်နေ့တွင် နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ပြည်တွင်းငွေကြေးအသုံးပြုမှုကို ပိုမိုအထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ နှစ်နိုင်ငံကြား ငွေပေးငွေယူလုပ်ငန်းများအတွက် ပြည်တွင်းငွေကြေးစနစ်သုံးမူဘောင်တစ်ရပ်(local currency settlement framework)ကို တရားဝင်ထုတ်ပြန်ခဲ့သည်။
အဆိုပါစနစ်သစ်သည် ၂၀၂၅နှစ် မေလတွင် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာကို အခြေခံထားပြီး ယခင်ပူးပေါင်းဆောင်ရွက်ရေးမူဘောင်အရ ငွေပေးချေမှုလက်ကျန်ပစ္စည်းများအားလုံး(all balance-of-payments items)ကိုအကျုံးဝင်စေရန် ဒေသတွင်းငွေကြေးအသုံးပြုမှုနယ်ပယ်ကို တိုးချဲ့ခြင်းဖြင့် အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်သည်။
(၁၁-၉-၂၀၂၅)ရက်နေ့၊ ကြာသပတေးနေ့တွင် တရုတ်-အင်ဒိုနီးရှား ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးနှစ်ဦးသည် တရုတ်-အင်ဒိုနီးရှားနယ်စပ်ဖြတ်ကျော် QR code ချိတ်ဆက်မှုစီမံကိန်း(China-Indonesia cross-border QR code interconnection project)၏နှစ်ဘက်စမ်းသပ်မှု(two-way trial)ကို စတင် ကြောင်းကြေညာခဲ့သည်။ ယင်းသည် ငွေပေး၊ ငွေယူကိစ္စများကို ပြည်တွင်းငွေကြေးဖြင့် ရှင်းလင်းနိုင်စေမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် အပြည့်အဝလည်ပတ်နိုင်ရန် မျှော်မှန်းထားသည်။
တရုတ်ပြည်သူ့ဘဏ်(People's Bank of China- PBOC)၊ ဘဏ်အုပ်ချုပ်ရေးမှူး ပန်ကုန်ရှန်း(Pan Gongsheng)က တရုတ်-အင်ဒိုနီးရှားနှစ်နိုင်ငံကြား ငွေပေး၊ ငွေယူလုပ်ငန်းများအတွက် ပြည်တွင်းငွေကြေးစနစ်သုံးမူဘောင်(local currency settlement framework)ထူထောင်ခြင်းနှင့် နယ်စပ်ဖြတ်ကျော် QR code ငွေပေးချေမှုများချိတ်ဆက်ခြင်း(interconnection of cross-border QR code payments)တို့သည် တရုတ်-အင်ဒိုနီးရှား ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (China-Indonesia financial cooperation) ၏ အရေးပါသောအောင်မြင်မှုများဖြစ်ကြောင်း ပြောကြားခဲ့သည်။
ငွေပေးချေမှုစနစ်ချိတ်ဆက်ခြင်း(payment system connection)၊ ပြည်တွင်းငွေကြေးအသုံးပြုခြင်း(local currency use)နှင့် ဒီဂျစ်တယ်ငွေကြေးများ(digital currencie)ကဲ့သို့သောကဏ္ဍများတွင် သက်ဆိုင်ရာဗဟိုဘဏ်များအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း Pan ၏ ပြောကြားချက်အရ သိရှိရသည်။
PBOC အဆိုအရ တရုတ်-အင်ဒိုနီးရှား ဘဏ်နှစ်ခုသည် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာနှင့် ပိုမိုခိုင်မာစွာဆက်လက်လုပ်ဆောင်ရန်နှင့် ပိုမိုထိရောက်စေရန်ပူးပေါင်းဆောင်ရွက်ရေးယန္တရားတစ်ခု(joint working mechanism) ကိုလည်း ထူထောင်သွားမည်ဖြစ်သည်။
အရင်းမြစ်။ https://en.people.cn/n3/2025/0912/c90000-20365305.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)