International News

၂၀၂၄ ခုနှစ်အတွင်း၌ ထိုင်းနိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံး တိရစ္ဆာန်အစာတင်ပို့သူဖြစ်ခဲ့

Last Updated:

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ တိရစ္ဆာန်အစာတင်ပို့ခဲ့မှုသည် အမေရိကန်ဒေါ်လာ ၂.၆၈ ဘီလီယံဖြင့် ကမ္ဘာ့ဒုတိယအကြီးဆုံးတိရစ္ဆာန်အစာ တင်ပို့သူဖြစ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

ထိုင်းနိုင်ငံ၏ တိရစ္ဆာန်အစာပို့ကုန်သည် ကမ္ဘာ့တင်ပို့မှု၏ ၁၀ ရာခိုင်နှုန်းရှိပါကြောင်း၊ ဂျာမနီ၏ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃.၂၈ ဘီလီယံဖြင့် အများဆုံးတင်ပို့သူဖြစ်ခဲ့ပါကြောင်း၊ အခြားသော တင်ပို့သူများမှာ အမေရိကန်(အမေရိကန်ဒေါ်လာ ၂.၅၂ ဘီလီယံ)၊ ပိုလန်(အမေရိကန်ဒေါ်လာ ၂.၄၁ ဘီလီယံ)နှင့် ပြင်သစ်(အမေရိကန်ဒေါ်လာ ၂.၃၁ ဘီလီယံ)တို့ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့တိရစ္ဆာန်အစာဈေးကွက်သည် ကြံ့ခိုင်လျက်ရှိပြီး သွင်းကုန်တန်ဖိုးသည်  အမေရိကန်ဒေါ်လာ ၂၆.၅ ဘီလီယံရှိခဲ့ပါကြောင်း၊ ထိပ်တန်းသွင်းကုန်ဈေးကွက်များမှာ ဂျာမနီ၊ အမေရိကန်၊ ယူကေ၊ ပိုလန်နှင့် ကနေဒါတို့ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ခွေးနှင့်ကြောင်အစာများသည် ဈေးကွက်များစွာတွင် တည်ငြိမ်နေပြီး တိုးတက် နိုင်သည့်အလားအလာများရှိကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်သို့ ခွေးနှင့် ကြောင်စာတန်ဖိုး အမေရိကန်ဒေါ်လာ ၈၆၈ သန်းတင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန်၏ ၃၂.၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ဂျပန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃၂၉ သန်း၊ ဩစတြေးလျသို့ အမေရိကန်ဒေါ်လာ ၁၆၇ သန်း၊ အီတလီသို့ အမေရိကန်ဒေါ်လာ ၁၆၅ သန်းနှင့် မလေးရှားနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၃၈ သန်းအသီးသီးတင်ပို့ခဲ့ကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံးညွှန်ကြားရေးမှူးချုပ် Mr. Poon-pong Naiyanapakorn က ပြောကြားခဲ့သည်။

တိရစ္ဆာန်အစာဈေးကွက် ကြီးထွားလာရခြင်းမှာ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များ များပြာလာခြင်း၊အသက်ကြီးလူဦးရေမြင့်တက်လာခြင်းနှင့် မိသားစု ဦးရေနည်းပါးလာခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ကမ္ဘာ့စားသုံးသူများက တိရစ္ဆာန်ကျန်းမာရေးကို အထူးအလေးထားသောနေရာများမှ တင်သွင်းသော ကုန်စည်များကို စိတ်ဝင်စားမှုမြင့်တက်လာပါကြောင်း၊ ကျန်းမာ ရေးကိုဦးစားပေးသော၊ ငယ်ရွယ်သော၊ မကျန်းမမာဖြစ်နေသော သို့မဟုတ် အသက်အရွယ်ကြီးရင့်နေသောအိမ်မွေးတိရစ္ဆာန်များအတွက် ဗီတာမင်ကြွယ်ဝသည့် ဖော်မြူလာများအသုံးပြုထားသော၊ အရည် အသွေးမြင့်ပါဝင်ပစ္စည်းများဖြင့် ထုတ်လုပ်ထားသော အစရှိသည့် မျိုးစုံတီထွင်ထားသောထိုင်းလုပ်ငန်းရှင်များအတွက် ယင်းဝယ်လိုအားတွင် နေရာကောင်းသို့ ရောက်ရှိနေပါကြောင်း၊ ထုတ်လုပ်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမည့် ထုပ်ပိုးမှုပုံစံကို ဦးစားပေးရန် အကြံပေးလိုကြောင်း၊ ပြောင်းလဲလာသော လမ်းကြောင်းနှင့်ကိုက်ညီပါက ထိုင်းပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဥရောပ၊ အမေရိကန်၊ ဂျပန်၊ တရုတ် စသည့်အဓိက ဈေးကွက်များအပြင် အရှေ့အလယ်ပိုင်းနှင့် ဥရောပအရှေ့ပိုင်းရှိ ဈေးကွက်သစ်များသို့ တိုးချဲ့ရောက်ရှိနိုင်သည့်အခွင့်အလမ်းကောင်းများရှိပါကြောင်း ညွှန်ကြားရေးမှူးချုပ်က အကြံပြုထားပါသည်။

ယခုနှစ် ပထမ ၇ လအတွင်း ထိုင်းနိုင်ငံ၏ ခွေးနှင့်ကြောင်စာပို့ကုန်သည် အမေရိကန်ဒေါ်လာ ၁.၆၉ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ၁၀.၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပါကြောင်း၊ အမေရိကန်သည် အကြီးဆုံးဈေးကွက်အဖြစ် ရပ်တည်နေဆဲဖြစ်ပြီး ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၆၁၀ သန်းဖြစ် ကြောင်း၊ အမေရိကန်၏ အပြန်အလှန်ခွန် ၁၉ ရာခိုင်နှုန်းသတ်မှတ်ထားချက်ကြောင့် ပြည်တွင်းပစ္စည်းပါဝင်မှုလုပ်ထုံးလုပ်နည်းများကို စောင့်ကြည့်သင့်ကြောင်း၊ ပို့ကုန်များတွင် ဖွဲ့စည်းပုံဆိုင်ရာပြောင်းလဲမှုဖြစ်ပေါ် လာပါက လုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်အရည်အသွေးကိုမြှင့်တင်ရေး၊ပြည်တွင်းပစ္စည်းပါဝင်မှုတိုးမြှင့်ရေး၊ ကျန်းမာရေးကိုဦးစားပေးသည့် ထုတ်ကုန်များတီထွင်ထုတ်လုပ်ရေး၊ ခိုင်မာသော အမှတ်တံဆိပ်တည်ဆောက်ရေးနှင့် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုများမှတစ်ဆင့် စံနှုန်းများကို တိုးတက်စေရေးတို့ကို ဦးစားပေးသင့်ကြောင်း Mr. Poonpong က ဖြည့်စွက်အကြံပြုထားပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News