International News

အင်ဒိုနီးရှားနိုင်ငံသည် အိန္ဒိယနိုင်ငံမှ မြေပဲတင်သွင်းမှုကို မှိုဆိပ်ပါဝင်မှု(Aflatoxin contamination) တွေ့ရှိရခြင်းကြောင့် ဆိုင်းငံ့ထား

Last Updated:

အင်ဒိုနီးရှားနိုင်ငံသည် အိန္ဒိယနိုင်ငံမှ မြေပဲတင်သွင်းမှုကို မှိုဆိပ်ပါဝင်မှု (Aflatoxin contamination)တွေ့ရှိရခြင်းကြောင့် ဆိုင်းငံ့ထားဆဲဖြစ်ရာ တင်ပို့ကုန်များသည် အချိန်သုံးပတ်မြောက်ကြာသည်အထိ ပိတ်မိနေဆဲဖြစ်ကြောင်းသိရသည်။ အိန္ဒိယစိုက်ပျိုးရေးနှင့် ပြုပြင်ပြီးစားသောက် ကုန်များတင်ပို့မှုဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့(APEDA)ကအင်ဒိုနီးရှားအပင် ပိုးမွှားရောဂါထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့(IQA)နှင့် ဆက်သွယ်ခဲ့သော် လည်း အဆိုပါပိတ်ပင်မှုကို ရုပ်သိမ်းခြင်းနှင့်ပတ်သက်၍ အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း၊ အဆိုပါဆိုင်းငံ့မှုသည် စက်တင်ဘာလ ၃ ရက်နေ့မှစတင်၍ အသက်ဝင်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယတင်ပို့ကုန်များတွင် မှိုဆိပ်ပါဝင်မှု(Aflatoxin contamination)တွေ့ရှိရခြင်းကြောင့်ဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံက အိန္ဒိယနိုင်ငံသို့ ပြီးခဲ့သည့်ဩဂုတ်လ ၂၇ရက်နေ့တွင် အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၂၀ ရက်က ဖော်ပြထားသည်။

အိန္ဒိယတင်ပို့သူများအနေဖြင့် အဓိကကိစ္စရပ်နှစ်ခုကို ထောက်ပြခဲ့ကြသည်။ ပထမအချက်မှာ IQA က ကုန်ပစ္စည်းများတွင် မှိုဆိပ်ပါဝင်မှုတွေ့ရှိခဲ့သည်ဟု ဆိပ်ကမ်းသို့ရောက်ရှိပြီး အချိန်သုံးလအကြာတွင်ဆိုခြင်းဖြစ်ရာ ၎င်းကာလအတွင်း သိုလှောင်မှုနှင့် ကိုင်တွယ်ထိန်းသိမ်းမှုအခြေ အနေများအပေါ် သံသယဖြစ်ပေါ်စေကြောင်း၊ ဒုတိယအချက်မှာ အင်ဒိုနီးရှားနိုင်ငံ၏ စမ်းသပ်စစ်ဆေးမှုလုပ်ငန်းစဉ်အရ ကုန်ပစ္စည်းတစ်ခုလျှင် ၁ ကီလိုဂရမ်နမူနာရယူခြင်းသည် APEDA ၏စံနှုန်းဖြစ်သော ၂၀ ကီလို ဂရမ်နမူနာရယူမှုနှင့် ကွဲပြားနေခြင်းဖြစ်ကြောင်း၊ ၎င်းသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)စံနှုန်းများနှင့်မကိုက်ညီဟု အိန္ဒိယတင်ပို့သူ များက ငြင်းခုံခဲ့ကြကြောင်းသိရသည်။ APEDA က အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ မီဒီယာ၏မေးမြန်းမှုများကို ပြန်လည်ဖြေကြားခြင်း မရှိသေးကြောင်း သိရ သည်။

အင်ဒိုနီးရှားနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ မြေပဲတင်ပို့မှုသုံးပုံတစ်ပုံခန့်ကိုရရှိထားသည့် အရေးပါသော ဈေးကွက်တစ်ခုဖြစ်သည်။ ၂၀၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံသည် အမေရိကန်ဒေါ်လာ ၇၉၅ သန်းတန်ဖိုးရှိ မြေပဲတန်ချိန် ၇ ဒသမ ၄၆ သိန်းကိုတင်ပို့ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံက အမေရိကန်ဒေါ်လာ ၂၈၀ သန်း တန်ဖိုးရှိ မြေပဲတန်ချိန် ၂ ဒသမ ၇၇ သိန်းကို လက်ခံတင်သွင်းခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ခါရစ်(မိုးရာသီ)မြေပဲသီးနှံရိတ်သိမ်းချိန် နီးကပ်လာသည်နှင့်အမျှ အိန္ဒိယစိုက်ပျိုးရေးနှင့် ပြုပြင်ပြီးစားသောက်ကုန်များတင်ပို့မှု ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့(APEDA)နှင့် အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနတို့အား အဆိုပါပဋိပက္ခကိုဖြေရှင်းရန် တိုက်တွန်းထားပြီး ကုန်သည် များက ယင်းသို့ဆိုင်းငံ့မှုဆက်လက်ရှိနေပါက တောင်သူလယ်သမားများနှင့် တင်ပို့သူများကို ထိခိုက်နိုင်ကြောင်း သတိပေးခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံတွင် လက်ရှိမြေပဲဈေးနှုန်းသည် ၁ ကွင်တယ်(၁၀၀ ကီလို ဂရမ်)လျှင် ရူပီး ၅,၆၈၂ သို့ကျဆင်းသွားခဲ့ရာ ဗဟိုအစိုးရ၏ ၂၀၂၆ ခုနှစ် ဇွန်လတွင်ကုန်ဆုံးမည့် ရောင်းဝယ်ရေးနှစ်အတွက် သတ်မှတ်ထားသော ကြမ်းခင်းဈေး(MSP)ဖြစ်သည့် ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၇,၂၆၃ အောက်သို့ရောက်ရှိနေကြောင်းနှင့် Gujarat ပြည်နယ်တစ်ခုတည်းကပင် တန်ချိန် ၆၆ သိန်း စံချိန်တင်ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံက မြေပဲနှင့်ဂျုံတို့တွင် မှိုဆိပ်ပါဝင်မှု(Aflatoxin contamination)နှင့်စပ်လျဉ်း၍ ထပ်တလဲလဲဖြစ်ပေါ်နေသည့် ပြဿနာများကို ထောက်ပြခဲ့ပြီးနောက် တင်ပို့ကုန်များအတွက် တင်းကျပ်သော ဓာတ်ခွဲခန်းစမ်းသပ်မှုနှင့် နမူနာယူမှုလုပ်ငန်းစဉ်များလိုအပ်ကြောင်း အိန္ဒိယစိုက်ပျိုးရေးနှင့် ပြုပြင်ပြီးစားသောက်ကုန်များတင်ပို့မှု ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့(APEDA)၏ မကြာသေးမီက ထုတ်ပြန်ထားသည့် အကြံပြုချက်များနောက်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသော အငြင်းပွားမှု သည် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ်တွင်လည်း မှိုဆိပ်ပါဝင်မှုမြင့်မားခြင်းနှင့် ဓာတ်ခွဲခန်းမှတ်ပုံတင်ခြင်းဆိုင်ရာ ပြဿနာများကြောင့် အလားတူဆိုင်းငံ့မှုတစ်ခုဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

မှိုဆိပ်(Aflatoxins)များသည် ပူနွေးစိုစွတ်သောအခြေအနေများတွင် Aspergillus မှိုများမှ ထုတ်လုပ်သော ဓာတ်ပစ္စည်းများဖြစ်ပြီး သီးနှံနှင့် ဆီထွက်သီးနှံများတွင် ညစ်ညမ်းမှုဖြစ်စေကာ ကင်ဆာဖြစ်စေနိုင်သောဂုဏ်သတ္တိ(carcinogenicity)အပါအဝင် သိသာထင်ရှားသော ကျန်းမာ ရေးအန္တရာယ်များကိုဖြစ်စေကြောင်း တွေ့ရှိရသည်။ Aflatoxin B1 ကို ပြင်းထန်သော အသည်းကင်ဆာဖြစ်စေနိုင်သည့်အရာ(liver carcinogen)အဖြစ် လူသိများကြောင်း သိရသည်။

Source:    The Hindu Businessline, Indian exporters dispute Indonesia’s suspension of peanut imports 3 months after shipments landed at its ports, September 20, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News