အိန္ဒိယနိုင်ငံသည် တောင်အမေရိကရှိ ပီရူးနိုင်ငံ၊ ချီလီနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့ရှိ အရေးပါသော သတ္တုတွင်းထွက်ပစ္စည်းများမှတစ်ဆင့် ထောက်ပံ့ရေးကွင်းဆက်များတည်ငြိမ်စေရန် ကြိုးပမ်းလျက်ရှိသည်။ ၎င်းသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေးအပေါ် အာရုံစိုက်မှုတိုးလာနေသည့် နောက်ခံအခြေအနေတွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း The Economic Times သတင်းဌာနက ယခုလ ၂၂ ရက်က ဖော်ပြသည်။
အိန္ဒိယနိုင်ငံသည် ချီလီနိုင်ငံနှင့် ဆွေးနွေးလျက်ရှိသော လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် ဆွေးနွေးပွဲများ၏ တတိယအကြိမ်မြောက်အစည်းအဝေးကို မကြာမီကာလအတွင်း ကျင်းပရန်ရှိပြီး အိန္ဒိယသတ္တုတွင်းဝန်ကြီးဌာနမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် အဆိုပါအခွင့်အလမ်းများကို အသုံးချရန်အတွက် ယခုသီတင်းပတ်အတွင်း ပီရူးနိုင်ငံသို့ သွားရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ပီရူးနိုင်ငံနှင့် ချီလီနိုင်ငံတို့မှ လစ်သီယမ်၊ ကြေးနီနှင့် ရှားပါးသတ္တုများ(Rare earths)ကိုတင်သွင်းရန် စီစဉ်လျက်ရှိသည်။ အိန္ဒိယနိုင်ငံသည် လက်ရှိတွင် ပီရူးနိုင်ငံမှ ရွှေကို တင်သွင်း လျက်ရှိပြီး ပီရူးနိုင်ငံနှင့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီမှုချုပ်ဆိုရန်ကိုလည်း စဉ်းစားလျက်ရှိသည်။ ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်များမတည်မငြိမ်ဖြစ်မှုနှင့် သယံဇာတများကို လက်နက်သဖွယ်အသုံးချခြင်းတို့ကြားတွင် အဆိုပါလွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်နှစ်ခုကို အချိန်တိုအတွင်း အပြီးသတ်ချုပ်ဆိုရန် ရည်ရွယ်ထားကြောင်း သိရသည်။
အိန္ဒိယကုမ္ပဏီ ၅ ခုသည် ပီရူးနိုင်ငံရှိ သတ္တုတူးဖော်ရေးကဏ္ဍတွင် လက်ရှိ ရင်းနှီးမြှုပ်နှံထားကြသည်။ ပီရူးနိုင်ငံရှိ အိန္ဒိယသံရုံး၏ အချက် အလက်များအရ ၎င်းတို့၏ လက်ရှိရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၁ သန်းရှိကြောင်းခန့်မှန်းထားသည်။ပီရူးနိုင်ငံသည် လက်တင် အမေရိကရှိ အိန္ဒိယနိုင်ငံ၏ထိပ်တန်းကုန်သွယ်ဖက် ၅ နိုင်ငံအနက် တစ်နိုင်ငံဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး လစ်သီယမ်နှင့် ကြေးနီသိုက်များပိုင်ဆိုင်ထားသော ချီလီနိုင်ငံတွင် ပိုမိုခိုင်မာသော စီးပွားရေးခြေရာများကို တည်ထောင်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။
ဝန်ကြီးချုပ်မိုဒီက ယခုနှစ် ဇွန်လတွင် သွားရောက်လည်ပတ်ခဲ့သော အာဂျင်တီးနားနိုင်ငံသည် အရေးပါသောသတ္တုတွင်းထွက်ပစ္စည်းများ၊ စွမ်းအင်နှင့် စိုက်ပျိုးရေးထွက်ကုန်များတွင် ကြီးမားသော အခွင့်အလမ်းများအား ဖော်ပြလျက်ရှိကြောင်းသိရသည်။ အဆိုပါနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ထိပ်တန်းပဲပိစပ်နှင့် နေကြာဆီတင်ပို့သူများတွင် ပါဝင်သော နိုင်ငံတစ်ခုဖြစ်ကြောင်း သိရသည်။
Source: Economic Times, India looks to stabilise supply of critical minerals via Latin America, Sep 22, 2025
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)