International News

တရုတ်နိုင်ငံအနေဖြင့် WTO ၏ ကမ္ဘာ့ကုန်သွယ်ရေးပြန်လည်ဖွဲ့စည်းခြင်းဆိုင်ရာ ဆွေးနွေးမှုများကို အားပေးထောက်ခံ

Last Updated:

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)လူထုဖိုရမ် ၂၀၂၅(World Trade Organization (WTO)Public Forum 2025)၏တစ်စိတ်တစ်ပိုင်းအနေဖြင့် လက်ရှိကုန်သွယ်ရေးအခြေအနေ မတည်ငြိမ်မှုများအကြား ကမ္ဘာ့ကုန်သွယ်ရေးပြန်လည်ပြင်ဆင်ရေးဆိုင်ရာ(global trade readjustment) ဆွေးနွေးပွဲတစ်ရပ်ကို ယခင်အပတ် ကြာသပတေးနေ့က ဂျနီဗာမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံရှိ Shanghai University of International Business and Economics မှ စီစဉ်ကျင်းပခဲ့သည့်အဆိုပါဆွေးနွေးပွဲတွင် အမေရိကန်၏တစ်ဖက်သတ်အကောက်ခွန်ဆိုင်ရာအစီအမံများ(unilateral tariff measures)က WTO အဖွဲ့ဝင်များအကြား ကုန်သွယ်ရေးနှင့် ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်(multi-lateral trading system)အပေါ် သက်ရောက်မှုဆိုင်ရာ အကြောင်း အရာများကို ဆွေးနွေးခဲ့ကြသည်။ ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကိုမြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးဆဲအဖွဲ့ဝင်နိုင်ငံများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို မည်သို့ကာကွယ်ပေးနိုင်မည်ကိုလည်း အလေးထားဆွေးနွေးခဲ့ကြသည်။

တရုတ်နိုင်ငံ၊ Tsinghua University မှ ပါမောက္ခ Ju Jiandong က အမေရိကန်၏ အခွန် စည်းကြပ်မှုများသည် ကမ္ဘာ့ကုန်သွယ်ရေးအခြေအနေများ(global trade structures)အပေါ် သက်ရောက်မှုဆိုင်ရာ ပမာဏဆန်းစစ်လေ့လာမှုများ၏အဓိကရလဒ်များကို တင်ပြခဲ့သည်။ အဆိုပါဆန်းစစ်လေ့လာမှုအရ အမေရိကန်၏ "တုံ့ပြန်အကောက်ခွန်"(reciprocal tariffs)များ သည် ၂၀၂၅ ခုနှစ်၊ နှစ်ကုန်တွင် ကမ္ဘာ့ကုန်သွယ်မှု ၃.၄ ရာခိုင်နှုန်းကျဆင်းစေမည်ဖြစ်ကြောင်းနှင့် အမေရိကန်၏သွင်းကုန်နှင့် ပို့ကုန်များသည် လည်း ၁၉ ရာခိုင်နှုန်းနှင့် ၁၂ ရာခိုင်နှုန်းအသီးသီးကျဆင်းလာမည်ဟု ခန့်မှန်းထားသည်။

အလားတူ အမေရိကန်၏ တစ်ဖက်သတ်အခွန်စည်းကြပ်မှုများ(nilateral tariffs)သည် တုံ့ပြန် အရေးယူမှုများ(retaliation measures)နှင့် အိမ်နီးချင်းနိုင်ငံများကို ဆင်းရဲအောင်ပြုလုပ်သည့်မူဝါဒများ(beggar-thy-neighbor policies)၏ဆိုးရွားသောကွင်းဆက်ကို စတင်ဖြစ်ပေါ်စေနိုင်ကြောင်း Ju က ပြောကြားခဲ့သည်။

ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ(UN Trade and Development) ညီလာခံ၏ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးနှင့် ကုန်ပစ္စည်းဌာနခွဲ၊ ဒါရိုက်တာ Luz Maria de la Mora က ပထဝီနိုင်ငံရေးတင်းမာမှုများမြင့်တက်လာခြင်းကဲ့သို့သော အကြောင်းရင်းများကြောင့် ၂၀၁၆ ခုနှစ်မှစတင်၍ ကမ္ဘာ့ကုန်သွယ်ရေးမတည်မငြိမ်ဖြစ်မှုများ တိုးပွားလာနေကြောင်း၊ ကုန်သွယ်ရေးစရိတ်များ မြင့်တက်လာခဲ့ပြီး အနိမ့်ဆုံးဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားများကို ထိခိုက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

De la Mora က ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများချမှတ်ခြင်း၊ အငြင်းပွားမှုဖြေရှင်းရေးယန္တရားကိုပြန်လည်ထူထောင်ခြင်း၊ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များ ညှိနှိုင်းခြင်းနှင့်ရေရှည်ရင်းနှီးမြုပ်နှံမှုဆိုင်ရာယုံကြည်မှုကို မြှင့်တင်ခြင်းတို့ဖြင့် ကုန်သွယ်ရေးဆိုင်ရာခံနိုင်ရည်ရှိမှုကို အားကောင်းလာစေရန် သက်ဆိုင်ရာအဖွဲ့အစည်းများကို တိုက်တွန်းခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးစင်တာ(International Trade Center)၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ မဟာဗျူဟာနှင့် မူဝါဒရေးရာအကြီးအကဲ Barbara Ramos က ရောင်းလိုအားတိုးမြှင့်ရန်နှင့် ကုန်ကျစရိတ်လျှော့ချရန်အတွက် စီးပွားရေးလုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ်ကိရိယာများ(digital tools)ကိုအသုံးပြုရန် အလေးထားပြောကြားခဲ့သည်။ နိုင်ငံများအနေဖြင့် ဒီဂျစ်တယ်ကိရိယာများ အသုံးပြုနိုင်ရေးအတွက် အခြေခံအဆောက်အအုံ (infrastructure)၊ ကျွမ်းကျင်မှုများ(skills)နှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ မူဘောင်များ (regulatory framework)အပါအဝင် ၎င်းတို့၏ဒီဂျစ်တယ်ပတ်ဝန်းကျင်ကို မြှင့်တင်ဆောက်ရွက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ ကမ္ဘာ့ကုန်သွယ်ရေးအခြေအနေမငြိမ်မသက်ဖြစ်နေချိန်အတွင်း စည်းမျဉ်းစည်းကမ်း အခြေပြုဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်(rules-based multilateral trading system)ကို ထိန်းသိမ်းရန်နှင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုပတ်ဝန်းကျင်(international trade environment)၏ တည်ငြိမ်မှုနှင့် ကြိုတင်ခန့်မှန်းနိုင်မှုတို့ကို မြှင့်တင်ရန် အလွန်အရေးကြီးကြောင်း တက်ရောက်လာသူများက သဘောတူညီခဲ့ကြသည်။

WTO ၏ အဓိက ပြည်ပဆက်ဆံရေးဆိုင်ရာ ပွဲတစ်ခုဖြစ်သည့် ယခုနှစ် လူထုဖိုရမ်ကို ဒီဂျစ်တယ် ကုန်သွယ်ရေးကိုအဓိကထား၍ ဖွင့်လှစ်ခဲ့သည်။ ကွဲပြားသည့်ခေါင်းစဉ်များနှင့်ပတ်သက်သည့် ဆွေးနွေးပွဲအစီအစဉ် ၉၀ နီးပါးပါဝင်သည့် အဆိုပါဖိုရမ်သို့ အစိုးရကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် လူ့အဖွဲ့အစည်း၏ ကဏ္ဍအသီးသီး (various sectors of society) ကိုယ်စားလှယ်များစုစုပေါင်း ၄,၀၀၀ ကျော်တက်ရောက်ခဲ့ကြသည်။

အရင်းမြစ်။     https://en.people.cn/n3/2025/0920/c90000-20368551.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News