ဖိလစ်ပိုင်နိုင်ငံ၏ လက်ရှိ ကျင်းပလျက်ရှိသော လွှတ်တော်အစည်းအဝေးတွင် ဆန်ကုန်သည် ၆ ဦးအား စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ တရားမဝင်တင်သွင်းမှုဖြင့် စုံစမ်းမှုများပြုလုပ်လျက်ရှိပါကြောင်း၊ ၇-၁၀-၂၀၂၅ ရက်နေ့ကကျင်းပပြုလုပ်ခဲ့သည့် စိုက်ပျိုးရေးကဏ္ဍဆိုင်ရာလွှတ်တော်ကော်မတီဥက္ကဋ္ဌဖြစ်သူမှ ဆန်ကုမ္ပဏီ ၄ခုသည် တင်သွင်းလာသည့်ဆန်များကို Arvin International Marketing Inc; သို့ ပေးပို့ခဲ့ကြောင်း ဖော်ပြပါရှိပါသည်။
Arvin ကုမ္ပဏီသည် လွန်ခဲ့သော နှစ်ပေါင်း ၂၃ နှစ်ကျော်ခန့်ကတည်းက စိုက်ပျိုး ရေးထွက်ကုန်ပစ္စည်းများနှင့် ဓာတုပစ္စည်းများတင်သွင်းရောင်းချသည့်လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း ကုမ္ပဏီ၏ဥက္ကဋ္ဌဖြစ်သူ Mr.Joseph Yao မှ ပြောကြားထားပါသည်။ Yao သည် Renzy International Marketing Inc; ကုမ္ပဏီ၏ဥက္ကဋ္ဌလည်းဖြစ်ပြီး Renzy ကုမ္ပဏီအား ၂၀၂၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဆန်စတင်တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းလည်းဖော်ပြပါရှိပါသည်။
စိုက်ပျိုးရေးကဏ္ဍဆိုင်ရာလွှတ်တော်ကော်မတီဥက္ကဋ္ဌဖြစ်သူ Sen. Francis Pangilinam မှ Yao အနေဖြင့် Beatus Grain Emporium Corporation, Atara Marketing Inc; , Manus Dei Resource Ent. Orison Free Enterprise ကုမ္ပဏီတို့နှင့် ပက်သက်မှုရှိ/မရှိဦးစွာမေးမြန်းခဲ့ရာ Yao မှ ပက်သက်မှုမရှိကြောင်း ဖြေကြားခဲ့သော်လည်း ဆန်တင်သွင်းမှုအတွက် သွင်းကုန်စာရင်းရှင်းလင်းခြင်းနှင့် သက်ဆိုင်သည့် အထောက်အထား၊ စာရွက်စာတမ်းများတွင်မူ Beatus ကုမ္ပဏီအနေဖြင့် ဆန်ချော ၅၂၀,၀၀၀ ကီလိုတင်သွင်းခဲ့ပြီး နောက်ဆုံးပေးပို့သည့်နေရာမှာ Arvin International Marketing ကုမ္ပဏီဖြစ်သည်ကို တွေ့ရှိရပါသည်။ စစ်ဆေးရေးအဖွဲ့မှ ရရှိထားသည့် အထောက်အထားများအရ ဆန်ကုမ္ပဏီ ၄ ခုဖြစ်သော Beatus, Atara, Orison, Manus Dei တို့၏ အဖွဲ့ဝင်ဒါရိုက်တာများသည် ဆက်စပ်လျက်ရှိကြောင်းကိုလည်း ဖော်ပြထားပါသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ဆန်တင်သွင်းမှုကိုယာယီထိန်းချုပ်ထားသည့်ကာလတွင် ယခု ကဲ့သို့အချို့သောဆန်ကုမ္ပဏီများသည် စိုက်ပျိုးရေးဝန်ကြီးဌာနမှ တင်သွင်းခွင့်ပြုထားသည့်ပမာဏနှင့် ကိုက်ညီမှုမရှိဘဲ တင်သွင်းလေ့ရှိပြီး လွန်ခဲ့သောနှစ်များက ဖိလစ်ပိုင်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ကြက်သွန်နီတရားမဝင်တင်သွင်းမှုဖြစ်စဉ်နှင့် အလားသဏ္ဍာန်တူကြောင်း၊ Arvin, Renzy, Beatus, Atara, Manus နှင့် Orison တို့ကဲ့သို့ပင် တခုနှင့်တခုချိတ်ဆက်မှုရှိသည့် ကုမ္ပဏီပေါင်း ၁၀၀ ကျော် ဖိလစ်ပိုင် နိုင်ငံတွင်ရှိကြောင်း ပြောကြားထားပါသည်။
ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါဆန်တင်သွင်းနေသည့် ကုမ္ပဏီအခု ၁၀၀ ကျော်ကိုလည်း စတင်စစ်ဆေးမှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရပါ သည်။
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)