International News

၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးတက်မှုသည် ၅ ရာခိုင်နှုန်းရှိနိုင်မည်ဟု Thai National Shippers’ Council(TNSC)က ယုံကြည်မှုရှိနေ

Last Updated:

ယခုနှစ် စတုတ္ထ ၃ လပတ်တွင် ပို့ကုန်နှေးကွေးနိုင်သည့်အလားအလာရှိနေသော် လည်း ပို့ကုန်တိုးတက်မှုသည် ၅ ရာခိုင်နှုန်းရှိနိုင်သည်ဟု Thai National Shippers’ Council(TNSC)က ယုံကြည်လျက်ရှိကြောင်း ၁၁-၁၀-၂၀၂၅ ရက်နေ့ထုတ် ဗန်ကောက်ပို့စ်သတင်းစာ၌ “Shippers eye 5% export growth” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ယခုနှစ် ပထမ ၈ လအတွင်း ပို့ကုန်တန်ဖိုးသည် အမေရိကန် ၂၂၃.၂ ဘီလီယံရှိခဲ့ပြီး ၁၃.၃ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကာ သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၂၂၄.၉ ဘီလီယံဖြင့် ၁၁.၃ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း၊ ပထမနှင့် ဒုတိယ ၃ လပတ်များတွင် ပို့ကုန်တိုးတက်မှုသည် ခိုင်မာခဲ့သဖြင့် ဒုတိယနှစ်ဝက်အတွင်း နှေးကွေးနေမှုကို ခုနှိမ်နိုင်မည်ဖြစ်ကြောင်း၊ နှစ်ကုန်ပိုင်းနှင့် ၂၀၂၆ ခုနှစ် နှစ်စပိုင်းတို့တွင် ပို့ကုန်ကို ထိခိုက်စေမည့်အခြေအနေများစွာကို စောင့်ကြည့်နေပါကြောင်း၊ အဓိကအချက်မှာ ကမ္ဘာ့စီးပွားရေးကို မတည်မငြိမ်ဖြစ်စေနိုင်ပြီး ကမ္ဘာ့ကုန်သွယ်မှုတွင် ထိလွယ်ရှလွယ်ဖြစ်စေမည့် အမေရိကန်အခွန်ပင်ဖြစ်ကြောင်း၊အခြားသော ပူပန်ရမည့်အချက်များမှာ ဘတ်ငွေခိုင်မာနေခြင်း၊အသေးစားလုပ်ငန်းများအတွက် ချေးငွေရရှိမှုအကန့်အသတ်ရှိနေခြင်း၊ ပို့ကုန်အတွက် ကုန်ကြမ်းပြတ်လပ်မှုအခြေအနေနှင့် ထုတ်ကုန် ရှောင်တိမ်းမှုတို့ဖြစ်ကြောင်း ကောင်စီဥက္ကဋ္ဌ Mr. Dhanakorn Kaset-rsuwan က ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် ဒေသတွင်းငွေကြေးများနည်းတူ ဘတ်ငွေကို တည်ငြိမ်စေရေး ဆောင်ရွက်စေလိုပြီး ၁ ဒေါ်လာလျှင် ၃၃ ဘတ်-၃၄ ဘတ်ဖြစ်ရန်မျှော်လင့်ပါကြောင်း၊ မူဝါဒအတိုးနှုန်းများ(policy interest rates)၊ စီးပွားရေးဘဏ်များ၏ ချေးငွေနှုန်းထားများ အလုပ်သမားနှင့် စွမ်းအင်ကုန်ကျစရိတ်များ ပြန်လည်သုံးသပ်ခြင်းအပြင် ဥပဒေအသစ်များ သို့မဟုတ် လုပ်ငန်းအခကြေးငွေများ ရွှေ့ဆိုင်းခြင်းအပါအဝင် လုပ်ငန်းလည်ပတ်စရိတ်များနည်းပါးစေရေး အစိုးရကို တောင်းဆိုလိုကြောင်း၊ အလုပ်လုပ်ချိန်ကို ၆ ရက်မှ ၅ ရက်သို့ လျှော့ချရန် အဆိုပြုထားသည့် အလုပ်သမားအကာအကွယ်ပေးရေးအက်ဥပဒေ(Labour Protection Act) မူကြမ်းကို ပြန်လည်စဉ်းစားသုံးသပ်စေလိုပြီး ယင်းဥပဒေကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို ၁၆ ရာခိုင်နှုန်းမြင့်တက်စေပါကြောင်း၊ဥပဒေအသစ်များအတွက် ဆွေးနွေးရာတွင် ရှုထောင့်ပေါင်းစုံမှ စေ့စပ် သေချာစွာစဉ်းစားနိုင်ရန် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များကိုလည်း ပါဝင်စေရန် မေတ္တာရပ်ခံလိုကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ပြည်တွင်းဝယ်လိုအားကို လှုံ့ဆော်ပေးမည့် အစိုးရဘတ်ဂျက်ခွင့်ပြုသုံးစွဲမှုကို အရှိန်မြှင့်တင်စေလိုပြီး နိုင်ငံပြင်ပကုန်သွယ်မှုမြှင့်တင်ရေးအတွက် ဘဏ္ဍာငွေထပ်တိုးခြင်းနှင့် အဓိကကုန်သွယ်ရေးမိတ်ဖက်များနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်များ ညှိနှိုင်းမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်သင့်ပါကြောင်း၊ အလားအလာရှိသော်လည်း မတည်ရင်းနှီးငွေနည်းပါးသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ပေးရန်အတွက် ရန်ပုံငွေထူထောင်ခြင်း သို့မဟုတ် ပူးတွဲရင်းနှီးမြှုပ်နှံမှုပုံစံဆောင်ရွက်ပေးရန် ထောက်ခံလိုကြောင်း၊ လန်ချဘန်းဆိပ်ကမ်းတွင် ပိတ်ကြပ်နေသည့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးစေလိုကြောင်း၊ သမာရိုးကျနှင့် အွန်လိုင်းကုန်သွယ်မှုများအတွက် ဈေးနှုန်းနှင့် အခွန်များအတွက် ပိုမိုခိုင်မာသော လုပ်ထုံးလုပ်နည်းနှင့် ကြီးကြပ်မှုသည် စားသုံးသူလုံခြုံမှုနှင့် ပြည်တွင်းလုပ်ငန်းများအတွက် မျှတသော ယှဉ်ပြိုင်မှုကို ဖြစ်စေမည်ဖြစ်ကြောင်း၊ တတိယနိုင်ငံသို့ တင်ပို့သောကုန်စည်များတွင် ထိုင်းပင်ရင်းအား မှားယွင်းအသုံးပြုနေမှုအပေါ် ပိုမိုတင်းကျပ်သော ထိန်းချုပ်မှုများ ဆောင်ရွက်ပေးစေလိုကြောင်း၊ ဒီဂျစ်တယ် အစိုးရအဖြစ် မြှင့်တင်ခြင်း၊ ဒီဂျစ်တယ်လုပ်အားဆိုင်ရာ ဥပဒေပြဌာန်းခြင်းနှင့် အဂတိတိုက်ဖျက်ရေးအစီအမံများမြှင့်တင်ခြင်းဖြင့် အစိုးရ ဘတ်ဂျစ်စီမံခန့်ခွဲမှုအပေါ် ပွင့်လင်းမြင်သာမှုကို မျှော်လင့်ပါကြောင်း Mr. Dhanakorn က သုံးသပ်အကြံပြုထားပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News