International News

၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ဆန်ပို့ကုန်သည် နှစ်အလိုက်ရည်မှန်း ချက်ကိုပြည့်မီနိုင်ဖွယ်ရှိကြောင်း ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းက ပြောကြားခဲ့

Last Updated:

၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ဆန်ပို့ကုန်သည် နှစ်အလိုက်ရည်မှန်း ချက်တန်ချိန် ၇.၅ သန်းကို ပြည့်မီနိုင်ဖွယ်ရှိသည်ဟု ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းက ၁၄-၁၀-၂၀၂၅ ရက်နေ့ထုတ် ဗန်ကောက်ပို့စ်သတင်းစာ၌ “Rice exports likely to hit annual goal” ခေါင်းစဉ်ဖြင့် ဖော်ပြထား ပါသည်။

ယခုနှစ် ပထမ ၉ လအတွင်း ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၅.၉ သန်းတင်ပို့ခဲ့ပါကြောင်း၊ နှစ်အလိုက် ပို့ကုန်ရည်မှန်းချက်ကိုပြည့်မီရန် စတုတ္ထ ၃ လပတ်တွင် လစဉ်ပျမ်းမျှတန်ချိန် ၅၀၀,၀၀၀ ကျော် တင်ပို့ရန်လိုအပ် ကြောင်း၊ ယင်းကာလအတွင်း တစ်လလျှင် ဆန်တန်ချိန် ၆၀၀,၀၀၀ တင်ပို့နိုင်မည်ဆိုပါက ပို့ကုန်သည် တန်ချိန် ၈ သန်းသို့ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ယခုနှစ်ကမ္ဘာ့ဆန်ဈေးကွက်သည် ယခင်နှစ်ထက် ပိုမိုဆိုးရွားလျက်ရှိပြီး ဆန်တင်ပို့သူများသော်လည်း ယှဉ်ပြိုင်မှုမြင့်မားသကဲ့သို့ ဝယ်လိုအားလည်းကျဆင်းပါကြောင်း၊ ဒေသတွင်း အဓိကဆန်တင်သွင်းသူများဖြစ်သည့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့က နိုင်ငံတွင်းထောက်ပံ့မှုလုံလောက်ပြီး ပြည်တွင်းဆန်ဈေးကွက်ကို တည်ငြိမ်ရန် လိုအပ်သောကြောင့် ၎င်းတို့၏သွင်းကုန်များကို ရပ်နားထားပါကြောင်း၊ ဖိလစ်ပိုင်က ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဆန်တန်ချိန် ၃၀၀,၀၀၀ တင်သွင်းရန်စီစဉ်ထားပြီး ဖေဖော်ဝါရီလမှ ဧပြီလအထိ တင်သွင်းမှုကို သုံးလတာရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Chookiat Ophaswongse က ပြောကြားခဲ့ပါသည်။

ယင်းအချက်များသည် ကမ္ဘာ့ဆန်ဈေးကွက်တွင် ဈေးနှုန်းကို ကျဆင်းစေပါကြောင်း၊ ထိုင်း ၅% ဆန်ဖြူသည် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၀၊ မြန်မာ့ ၅% ဆန်ဖြူသည် ၁ တန်လျှင် အမေရိကန် ဒေါ်လာ ၃၁၀၊ ပါကစ္စတန် ၅% ဆန်ဖြူသည် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၀၊ အိန္ဒိယ ၅% ဆန်ဖြူသည် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၀ နှင့် ဗီယက်နမ် ၅% ဆန်ဖြူသည် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၀ အသီးသီးရှိကြောင်း၊ ယခုနှစ် ပထမ ၉ လအတွင်း ဗီယက်နမ်သည် ဆန်တန်ချိန် ၆.၈ သန်းတင်ပို့ခဲ့ပြီး အိန္ဒိယက ဆန်တန်ချိန် ၁၈ သန်းတင်ပို့ခဲ့ရာ ထိုင်းနိုင်ငံသည် တတိယအများဆုံးဆန်တင်ပို့သူဖြစ်ပါကြောင်း၊ အိန္ဒိယသည် ဆန်တန်ချိန် ၂၂ သန်းမှ ၂၃ သန်းတင်ပို့ရန် ခန့်မှန်းထားပြီး ဗီယက်နမ်သည် တန်ချိန် ၈.၅ သန်းတင်ပို့မည်ဟု ခန့်မှန်းပါကြောင်း၊ ထိုင်းဆန်ဈေးနှုန်းသည် ယခုနှစ်တွင် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၀ ဖြင့် ၂၀၂၄ ခုနှစ် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၀ အောက် ကျဆင်းခဲ့ပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ယခင်နှစ် ဆန်ပို့ကုန်ခန့်မှန်းချက် တန်ချိန် ၉.၉ သန်းအောက်လျော့နည်းခဲ့ပြီး တန်ဖိုးအားဖြင့်လည်း ၄၀ ရာခိုင်နှုန်းကျဆင်းခဲ့ပါကြောင်း၊ hom mali ဆန်နှင့် ပေါင်းဆန်ပို့ကုန်တို့သည် ကောင်းမွန်နေမည်ဟု မျှော်လင့်ပါကြောင်း၊ အမေရိကန်ဈေးကွက်ရှိ hom mali ဝယ်လိုအားသည် ခိုင်မာနေဆဲဖြစ်ပါကြောင်း၊ အမေရိကန်သည် ထိုင်းနိုင်ငံမှ နှစ်စဉ် ဆန်တန်ချိန် ၈၃၀,၀၀၀ တင်သွင်းလျက်ရှိပြီး ၆၅၀,၀၀၀ သည် hom mali ဆန်ဖြစ် ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၉.၉၅ သန်းတင်ပို့ခဲ့ပြီး ဝင်ငွေဘတ် ၂၂၆ ဘီလီယံရရှိခဲ့ပါကြောင်း၊ ကမ္ဘာ့ဈေးကွက်ကျဆင်းလာလျက်ရှိသဖြင့် အစိုးရအနေဖြင့် ဆန်ဈေးနှုန်းများကို တည်ငြိမ်ရန်ဆောင်ရွက်စေလိုကြောင်း၊ ဈေးနှုန်းကျဆင်းနေချိန်တွင် တင်သွင်း နိုင်ငံများက လိုအပ်သည်အရာကိုသာလျှင် ဝယ်ယူကြပါကြောင်း၊ ဖိလစ်ပိုင်က ပြည်တွင်းဈေးနှုန်းကို ကာကွယ်ရန် ဆန်တင်သွင်းမှုကို ပိတ်ပင်ခဲ့ပါကြောင်း၊ ဆန်အဓိကထုတ်လုပ်သည့် နိုင်ငံများဖြစ်သည့် ထိုင်း၊ မြန်မာနှင့် ကမ္ဘောဒီးယားတို့တွင် သင့်တင့်သော မိုးရွာသွန်းမှုကြောင့် ရေအလုံ အလောက်ရရှိသဖြင့် လာမည့်နှစ်တွင် ထိုင်းဆန်ဈေးကွက်အတွက် အပြုသဘောဆောင်သည့်အချက်များ မတွေ့ရှိရပါကြောင်း Mr. Chookiat က သုံးသပ်ထားပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News