ဂျပန်နိုင်ငံရှိ စားသုံးသူများ၏ ဆန်စားသုံးမှုသည် ၂၀၂၅ ခုနှစ်အတွင်း ၆ ရာခိုင်နှုန်းကျဆင်းခဲ့သည့်အတွက် ၇ နှစ်တာကာလအတွင်း အနိမ့်ဆုံးနှုန်းသို့ရောက်ရှိခဲ့ကြောင်း The Japan Times သတင်းဌာန၏ အွန်လိုင်း သတင်းတွင် “Japan's rice consumption per person drops 6 % to 7-year low in FY2025” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် ပြီးခဲ့သည့်နှစ်များအတွင်း ဆန်ဝယ်ယူရရှိမှု ပြတ်လပ်ခဲ့သည့်အတွက် ဆန်ဈေးနှုန်းများအဆမတန်မြင့်တက်ခဲ့ပြီးနောက်ပိုင်းတွင် ဂျပန်နိုင်ငံရှိ စားသုံးသူများသည် ဆန်ကို အဓိကအစား အစာအဖြစ် စားသုံးခြင်းမှ ရှောင်လွှဲလာကြကြောင်း၊ ၂၀၂၆ ခုနှစ်၊ မတ်လတွင် ပြီးဆုံးခဲ့သည့် ဂျပန်နိုင်ငံ၏ ၂၀၂၅ ဘဏ္ဍာနှစ်အတွင်းတွင် စားသုံးသူတစ်ဦးလျှင် လစဉ်ပျှမ်းမျှဆန်စားသုံးမှုသည် ၄,၄၃၅ ဂရမ်သို့ရောက်ရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ကထက် ၆.၁ ရာခိုင်နှုန်းကျဆင်းကာ ၇ နှစ်တာ ကာလအတွင်း အနိမ့်ဆုံးနှုန်းဖြစ်လာခဲ့ကြောင်း၊ အဆိုပါနှုန်းသည် စားသုံးသူတစ်ဦးလျှင် ၄,၄၂၆ ဂရမ်သာစားသုံးခြင်းကြောင့် အနိမ့်ဆုံးနှုန်းအဖြစ် မှတ်တမ်းဝင်ခဲ့သည့် ၂၀၁၈ ဘဏ္ဍာရေးနှစ်နောက်ပိုင်းတွင် အနိမ့်ဆုံးဖြစ်လာခဲ့ကြောင်း ဖော်ပြထားပါသည်။
၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တစ်ဦးချင်းဆန်ပျမ်းမျှစားသုံးသည့်နှုန်း ၄,၇၂၂ ဂရမ်ရှိခဲ့သည့်အတွက် ၂၀၂၅ ခုနှစ်အတွင်း ကျဆင်းသွားသော စားသုံးမှုပမာဏသည် ထမင်းပန်းကန်လုံး ၄.၄ လုံးစာနှင့်ညီမျှကြောင်း၊ ဂျပန်နိုင်ငံရှိ အိမ်ထောင်စုများအနက် ၆၆ ရာခိုင်နှုန်းသည် ဆန်စားသုံးမှု ၂,၉၂၉ ဂရမ်သာစားသုံးခဲ့သည့်အတွက် စားသုံးမှု ၈.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ လတ်တလောလေ့လာဆန်းစစ်မှုများအရ လွန်ခဲ့သည့်ဆယ်စုနှစ်ကတည်းက စတင်ခဲ့သည့် ဆန်စားသုံးသည့်နှုန်းကျဆင်းခြင်းသည် အဆုံးသတ်မည့်လက္ခဏာမရှိသေးကြောင်း ဖော်ပြထားပါသည်။
၂၀၂၄ ခုနှစ် နွေရာသီဝန်းကျင်တွင် အပူရှိန်ပြင်းထန်မှုကြောင့် ယခင်စပါးစိုက်ရာသီတွင် စိုက်ပျိုးခဲ့သည့် ဆန်စပါးထွက်ရှိမှုလျော့နည်းခဲ့သည့် အတွက် ဆန်ဈေးနှုန်းများစတင်မြင့်တက်ခဲ့ကြောင်း၊ ယခင်က ဆန်ဈေးနှုန်းသည် ၅ ကီလိုဂရမ်လျှင် ယန်း ၂,၀၀၀ ပတ်ဝန်းကျင်သာရှိခဲ့သော်လည်း ဆန်ရရှိမှုပြတ်လပ်ပြီးနောက်ပိုင်းတွင် ပျှမ်းမျှဈေးနှုန်း ယန်း ၄,၀၀၀ကျော်အထိတရှိန်ထိုးမြင့်တက်ခဲ့ကြောင်း၊ ထိုကဲ့သို့ ဆန်ဈေးနှုန်းများအဆမတန်မြင့်တက်လာမှုကြောင့် စားသုံးသူများသည် ခေါက်ဆွဲ၊ ပါစတာ(Pasta)နှင့် ပေါင်မုန့်ကဲ့သို့သော ဆန်အစားထိုးအစားအစာများကို ပြောင်းလဲစားသုံးလာကြကြောင်း ဖော်ပြထားပါသည်။
၂၀၂၅ ခုနှစ်တွင် ဆန်ထုတ်လုပ်မှုတိုးတက်လာခဲ့ခြင်းကြောင့်ဆန်ဈေးနှုန်းများပြန်လည်ကျဆင်းလာခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်အတွက် ကောက်ရိတ်သိမ်းပြီး၍ ကုန်စည်များ ဈေးကွက်ထဲသို့ ရောက်ရှိလာချိန်တွင် ဈေးနှုန်းများပိုမိုကျဆင်းလာရန် မျှော်မှန်းထားကြောင်း၊ အခြားအစားအသောက်ပစ္စည်းများ၏ ဈေးနှုန်းများသည်လည်း မြင့်တက်လျက်ရှိသည့်အတွက် စားသုံးသူများ၏ဆန်ဝယ်ယူမှုသည် ပြန်လည်မြင့်တက်လာမည်ကို ခန့်မှန်းရန်ခက်ခဲလျက်ရှိကြောင်း ဆန်လက်ကားရောင်းဝယ်သူများက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)