ထိုင်းနိုင်ငံ၏စီးပွားရေးသည် ဆိုးရွားနေပြီး ဆုံးရှုံးနိုင်ခြေရှိသည့်အခြေအနေတွင်ရှိနေသောကြောင့် အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း နိုင်ငံရေးပြဿနာများကို တတ်နိုင်သမျှမြန်မြန်ဖြေရှင်းရန် ထိုင်းကုန်သည်ကြီးများအသင်းက တိုက်တွန်းထားပါသည်။
ထိုင်းနိုင်ငံစီးပွားရေးအပေါ် ထိုင်းဝန်ကြီးချုပ် H.E Ms. Paetongtarn Shinawatra နှင့်ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့အကြား တယ်လီဖုန်းဖြင့် စကား ပြောဆိုခဲ့မှု၏ အကျိုးသက်ရောက်မှုများနှင့်စပ်လျဉ်း၍ ကုန်သည်ကြီးများအသင်း အဖွဲ့ဝင်များအနေဖြင့် အစည်းအဝေးမကျင်းပရသေးပါကြောင်း၊ ပထဝီဝင်နိုင်ငံရေးတင်းမာမှုများ၊ အမေရိကန်မှ အပြန်အလှန်အခွန်နှင့် အစ္စရေး-အီရန်ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံ၏စီးပွားရေးသည် ခက်ခဲနေပါကြောင်း၊ တရုတ်ခရီးသွားဝင်ရောက်မှုကျဆင်းခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ၏ခရီးသွားလုပ်ငန်းတွင်လည်း ရုန်းကန်နေရပြီး အစိုးရဘတ်ဂျက်ကျဆင်းခဲ့မှုကြောင့် ထပ်လောင်းပြည်သူကြွေးမြီ ဘတ် ၁၅၀ ဘီလီယံဖြစ်ပေါ်ခဲ့ပြီး အရင်းအနှီးဈေးကွက်သည်လည်း ကျဆင်းခဲ့ကြောင်း အသင်းဥက္ကဋ္ဌ Mr. Poj Aramwattananont က သုံးသပ်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏နိုင်ငံရေးရှုထောင့်အပေါ် ရှင်းလင်းမှုပေးရန် နိုင်ငံရေးပြဿနာများကို လျင်မြန်စွာဖြေရှင်းရန်လိုအပ်ကြောင်း၊ နိုင်ငံ၏စီးပွားရေးပြန်လည်ကောင်းမွန်ရန် ရှင်းလင်းမှုသည် အရေးပါသောကြောင့် အစိုးရအနေဖြင့် ပြည်တွင်း၊ ပြည်ပမှ အားလုံးပါဝင်သူများ၏ အကျိုးစီးပွားအတွက် ချိန်ညှိဆောင်ရွက်သင့်ကြောင်း၊ လက်ရှိနိုင်ငံမသေချာမှုသည် စီးပွားရေးကို တိုးတက်စေမည်မဟုတ်ကြောင်း၊ လွှတ်တော်ဖျက်သိမ်းရမည် သို့မဟုတ် ဝန်ကြီးချုပ်နုတ်ထွက်ရမည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ အသင်းအနေဖြင့် နိုင်ငံရေးတွင်မပါဝင်ပါကြောင်း၊ အရေးကြီးဆုံးမှာ အစိုးရအနေဖြင့် ပါတီအားလုံး ပါဝင်လက်ခံနိုင်သော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရန်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်နုတ်ထွက်ခြင်းသည် အစိုးရယန္တရားလည်ပတ်မှုနှင့် ထိုင်းနှင့်အမေရိကန်တို့အကြား အခွန်ဆိုင်ရာဆွေးနွေးမှုကို သက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုများသည် ဇူလိုင်လ ၈ ရက်နေ့ထိ အပြီးမသတ်နိုင်ပါက နိုင်ငံ၏ကုန်သွယ်ရေးနှင့် ပို့ကုန်အပေါ် ထိခိုက်စေမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ထားပါသည်။
ဝန်ကြီးချုပ်အနေဖြင့် လွှတ်တော်ကိုဖျက်သိမ်းရန်ရွေးချယ်ခဲ့မည်ဆိုပါက အိမ်စောင့် အစိုးရက အစိုးရယန္တရားကို စီမံခန့်ခွဲရန် ၃ လ မှ ၆ လအထိ ထိန်းသိမ်းထားမည်ဖြစ်ရာ စီးပွားရေးအရှိန်ကို ၂ လမှ ၃ လကြား ထိန်းသိမ်းနိုင်ဖွယ်ရှိကြောင်း၊ လက်ရှိစိုးရိမ်ပူပန်မှုမှာ နိုင်ငံအကျိုးစီးပွားကို ရှေ့တန်းတင်သည့် ရှင်းလင်းမှုနှင့် နိုင်ငံရေးတည်ငြိမ်မှုပင်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါမူများကို အလေးအနက်ထားသည့် လုပ်ငန်းစဉ်များမှတစ်ဆင့် တည်ငြိမ်မှုကို တည်ဆောက်ရန် အရေးကြီးပါကြောင်း Mr. Poj Aramwattananont က ဆက်လက်ပြောကြားခဲ့သည်။
ပြည်တွင်းလုပ်ငန်းများသည် နိုင်ငံရေးအပေါ် ခံနိုင်ရည်ရှိနေပြီဖြစ်သောကြောင့် နိုင်ငံရေးမတည်ငြိမ်မှုသည် နိုင်ငံစီးပွားရေးကို သက်ရောက်မည်မဟုတ်ကြောင်း၊ အစိုးရသည် ပြောင်းလဲကောင်းပြောင်းလဲနိုင်သော်လည်း မိမိတို့လုပ်ငန်းများမှာမူ ပုံမှန်အတိုင်းဆက်လက်လည်ပတ်နေရမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အနည်းဆုံးလုပ်ခလစာတိုးမြှင့်ခြင်းကဲ့သို့သော လုပ်ငန်းလည်ပတ်မှုကို ထိခိုက်စေမည့် အစီအမံများဆောင်ရွက်မည်မဟုတ်ဟု မျှော်လင့်ထားကြောင်း မာမားခေါက်ဆွဲထုတ်လုပ်သူ Thai President Foods Plc. အထွေထွေမန်နေဂျာ Mr. Pun Paniangvait က သုံးသပ်ထားပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)