ပင်လယ်ကွေ့ဒေသတွင်း မတည်ငြိမ်မှုများနှင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုများကြောင့် အရှေ့အလယ်ပိုင်းမှ ဓာတ်မြေဩဇာတင်ပို့မှုများ လုံးဝနီးပါးရပ်ဆိုင်းသွားသဖြင့် ဖိလစ်ပိုင်အပါအဝင် နိုင်ငံတကာက အဓိကအားထားရသည့် ယူရီးယား(Urea)ဓာတ်မြေဩဇာဈေးနှုန်းများ သည် ၂၀၂၆ ခုနှစ်တွင် ယခင်နှစ်ကထက် ၆၀ ရာခိုင်နှုန်းနီးပါးထိုးတက်ကာ လေးနှစ်တာအတွင်း အမြင့်ဆုံးဖြစ်သည့် တစ်မက်ထရစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၇၅ အထိရောက်ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ ယင်းအပြင် အီရန်နှင့် ကာတာနိုင်ငံတို့တွင် ပဋိပက္ခနှင့် စက်ရုံပျက်စီးမှုများကြောင့် ထုတ်လုပ်မှုရပ်ဆိုင်းနေခြင်း၊ အိန္ဒိယတွင် သဘာဝဓာတ်ငွေ့ရည်(LNG)ပြတ်လပ်ခြင်းနှင့် ကမ္ဘာ့ဒုတိယအများဆုံးတင်ပို့သူဖြစ်သည့် တရုတ်နိုင်ငံက ပြည်တွင်းဈေးနှုန်းထိန်းညှိရန် ပြည်ပတင်ပို့မှုကန့်သတ်ရန် စဉ်းစားနေခြင်းတို့ကြောင့် ကမ္ဘာ့ဓာတ်မြေဩဇာကုန်သွယ်မှုတွင် ထောက်ပံ့မှုပမာဏပိုမိုကျုံ့သွားကာ ဈေးနှုန်းများ ဆက်လက်မြင့်တက်နေခြင်းဖြစ်သည်။
ယခုကဲ့သို့ကမ္ဘာ့ဈေးကွက်အပိတ်အဆို့များသည် သီးနှံစိုက်ပျိုးထုတ်လုပ် မှုကိုထိခိုက်စေပြီး လယ်သမားများ၏အကျိုးအမြတ်ကို လျော့နည်းစေမည်ဖြစ်သည်။ ထို့အပြင် နောက်ထပ်ထုတ်လုပ်မှုလျှော့ချရခြင်းများနှင့်ဝယ်လိုအားကျဆင်းခြင်းများ ဆက်လက်ဖြစ်ပေါ်လာနိုင်ပြီး၊ ၎င်းအခြေ အနေများသည် ကမ္ဘာ့ဒေသအချို့တွင် အချိန်ကာလတစ်ခုကြာမြင့်ပြီးနောက် သီးနှံအထွက်နှုန်းများကိုပါ ဆိုးရွားစွာသက်ရောက်မှုရှိလာစေနိုင်သည်။
ယူရီးယားဓာတ်မြေဩဇာဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းကြောင့် ဓာတ်မြေဩဇာဝယ်ယူနိုင်စွမ်းအခြေအနေသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး လယ်သမားများအတွက် စိုက်ပျိုးစရိတ်ကြီးကာ အမြတ်အစွန်းပိုနည်းသွားစေသည်။ ဒေသတွင်းကုန်စည်ပို့ဆောင်မှုပြန်လည်ကောင်းမွန်လာပါက ၂၀၂၇ခုနှစ် တွင် ယူရီးယားဈေးနှုန်း ၂၅ ရာခိုင်နှုန်းခန့်ပြန်လည်ကျဆင်းသွားမည်ဟု ကမ္ဘာ့ဘဏ်က မျှော်လင့်ထားသော်လည်း အရှေ့အလယ်ပိုင်း၌ သယ်ယူပို့ဆောင်ရေးအကျပ်အတည်းများ ခန့်မှန်းထားသည်ထက်ကြာရှည်နေခြင်း သို့မဟုတ် ပဋိပက္ခများပြန်လည်ပြင်းထန်လာခြင်းတို့ကြောင့် ယခုနှစ်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှုများ ပိုမိုဆိုးရွားကာ ဈေးနှုန်းများ ထပ်မံထိုးတက်သွားနိုင်သည့် အန္တရာယ်များရှိနေဆဲဖြစ်သည်။
ထို့အပြင် အဓိကတင်ပို့သည့်နိုင်ငံကြီးများက ပြည်တွင်းဖူလုံရေးအတွက် ကုန်သွယ်မှုပိတ်ဆို့လာနိုင်ခြင်းနှင့် ယူရီးယားကုန်ကြမ်းစရိတ်၏ ၈၀ မှ ၉၀ ရာခိုင်နှုန်းအထိရှိသော သဘာဝဓာတ်ငွေ့ ဈေးနှုန်းများမြင့်တက်လာနိုင်ခြင်းတို့ကြောင့် ၂၀၂၆ ခုနှစ်အတွင်း ယူရီးယားဈေးနှုန်းသည် တစ်မက်ထရစ်တန်လျှင် ဒေါ်လာ ၇၀၀ ကျော်အထိကျော်လွန်သွားနိုင်သည်။ အကယ်၍ ထိုသို့ဖြစ်လာပါက ယခုနှစ်ဈေးနှုန်းသည် ၁၉၇၄ ခုနှစ်နောက်ပိုင်း သမိုင်းတစ်လျှောက် ဒုတိယအမြင့်ဆုံးစံချိန်တင်ဈေးနှုန်းအဆင့်သို့ရောက်ရှိသွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်က သတိပေးထားသည်။
Source : https://businessmirror.com.ph/2026/05/13/urea-seen-to-hit-4-year-high-in-2026-on-gulf-disruptions/
(အိသဇင်စိုး၊ စီးပွားရေးသံမှူး၊ မနီလာမြို့)