ပင်လယ်ကွေ့ဒေသပူးပေါင်းဆောင်ရွက်ရေးကောင်စီ(GCC)နိုင်ငံခြောက်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် အများပြည်သူအသုံးစရိတ်ကို ခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၅၄၂ ဘီလီယံအထိ တိုးမြှင့်သွားရန် စီစဉ်ထားပြီး အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်မှုအပေါ် ဆက်လက်အာရုံစူးစိုက်လျက်ရှိကြောင်း GCC စာရင်းအင်းစင်တာ(GCC-Stat)မှ သိရှိရပါသည်။
ယူအေအီး၊ ဆော်ဒီအာရေးဗျ၊ အိုမန်၊ ကူဝိတ်၊ ကာတာနှင့် ဘာရိန်းနိုင်ငံတို့သည် ၎င်းတို့၏ မဟာဗျူဟာဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များနှင့်ကိုက်ညီသော အဓိကစီမံ ကိန်းများကိုအရှိန်မြှင့်ရန်ရည်ရွယ်၍ ၎င်းတို့၏ပြည်သူ့အသုံးစရိတ်ကို ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါကတိုးမြှင့်လာမည်ဟု ခန့်မှန်းထားပါသည်။ ဤသို့အသုံးစရိတ်များတိုးတက်လာခြင်းအား ဒေသတွင်းစီးပွားရေးတိုးချဲ့မှုအတွက် အဓိကတွန်းအားတစ်ခုအဖြစ် ရှုမြင်ထားကြပါသည်။
အသုံးစရိတ်များမြင့်တက်နေသော်လည်း GCC ဒေသတစ်လျှောက်ရှိအစိုးရများ၏ ၀င်ငွေများသည် အလယ်အလတ်မှမြင့်မားသောရေနံစျေးနှုန်းများကြောင့် တည်ငြိမ် နေမည်ဟုမျှော်လင့်ထားပါသည်။ GCC-Stat က ယခုနှစ်အတွက် စုစုပေါင်းအများပြည်သူထံမှရရှိငွေခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၄၈၇.၈ ဘီလီယံရှိမည်ဟုခန့်မှန်း ထားပြီး ရေနံမှရရှိသောငွေများသည် နိုင်ငံတော်ဝင်ငွေ၏ကျောရိုးအဖြစ်ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
သို့သော်လည်းဒေသတွင်း၌ ၂၀၂၅ ခုနှစ်တွင် ခန့်မှန်းခြေ ဘတ်ဂျက်လိုငွေ အမေရိကန်ဒေါ်လာ ၅၄.၃ ဘီလီယံနှင့် ရင်ဆိုင်နေရလျက်ရှိပါသည်။ ဤကွာဟချက်ကိုကာမိစေရန်အတွက် GCC နိုင်ငံများမှ ပြည်တွင်းနှင့်နိုင်ငံတကာချေးငွေများနှင့်အတူ အရန်ငွေများကိုမှီခိုရန် ရည်ရွယ်ထားကြပါသည်။
GCC အစိုးရများမှ၎င်းတို့၏ဘတ်ဂျက်များတွင် အမြတ်အစွန်းများသောရေနံစျေးနှုန်းများကို သတ်မှတ်ကြရာတွင် ကမ္ဘာ့စီးပွားရေးမသေချာမရေရာမှုများနှင့် ရေနံဈေးကွက်များ၏ မတည်ငြိမ်မှုများအပေါ်မူတည်၍ သတိထားပြီးတွက်ချက်လေ့ရှိပါသည်။ ဤသို့သောရှေးရိုးစွဲချဉ်းကပ်နည်းသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို ပံ့ပိုးပေးစဉ်အတွင်း ဘဏ္ဍာရေးဆိုင်ရာအန္တရာယ်များကို စီမံခန့်ခွဲရာတွင် အကူအညီပေးလျက်ရှိပါသည်။
GCC နိုင်ငံများမှ တည်ငြိမ်သော၀င်ငွေများနှင့်တိကျသောဘဏ္ဍာရေးစီမံခန့်ခွဲမှုဖြင့် တိုးမြှင့်သုံးစွဲမှုကို ဟန်ချက်ညီညီထိန်းကြောင်းပေးသည့်အတွက် ၂၀၂၅ခုနှစ်အတွင်း ဒေသတွင်းစီးပွားရေးတိုးတက်မှုအလားအလာမှာ အပြုသဘောတွင်ရှိလာနိုင်မည်ဖြစ်ကြောင်း သတင်းဖော်ပြထားပါသည်။
Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)