ထိုင်းနိုင်ငံတွင် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရသည့် အထွေထွေရွေးကောက်ပွဲအပြီး နှစ်လအကြာတွင် အာဏာရလာသော အစိုးရသစ်၏အချက် ၂၀ ပါဝင်သည့် မူဝါဒရေးရာလုပ်ငန်းစဉ်များအပေါ် စီးပွားရေးလုပ်ငန်းရှင်များနှင့်ကျွမ်းကျင်သူများက ဝေဖန်မှုများပြုလုပ်လျက်ရှိပြီး လက်တွေ့ကျသော လုပ်ဆောင်ချက်များဖော်ဆောင်ရန် တိုက်တွန်းနေကြသည်။
အဆိုပါမူဝါဒများသည် အရှေ့အလယ်ပိုင်းဒေသပဋိပက္ခကြောင့်ဖြစ်ပေါ်လာသည့် စွမ်းအင်စျေးနှုန်းမြင့်တက်မှုနှင့် စီးပွားရေးအကျပ်အတည်းများကိုဖြေရှင်းရန် လုံလောက်သောအစီအစဉ်များ မပါရှိကြောင်း ဝေဖန်ခံနေရခြင်းဖြစ်သည်။
ထိခိုက်လွယ်သည့် ကဏ္ဍများကို ကူညီရန် တိုက်တွန်း
ထိုင်းစက်မှုကုန်ထုတ်လုပ်သူများအသင်း(FTI)က အစိုးရအနေဖြင့် ရေနံစျေးနှုန်းမြင့်တက်မှုဒဏ်ကို တိုက်ရိုက်ခံစားနေရသည့် ကုန်ထုတ်လုပ်မှုနှင့် စိုက်ပျိုးရေးကဏ္ဍများ၊ အထူးသဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ဦးစားပေးကူညီရန် တောင်းဆိုထားသည်။ FTI ဥက္ကဋ္ဌ Mr. Kriengkrai Thiennukul က အစိုးရ၏မူဝါဒများသည် လက်ရှိအရှိန်အဟုန်ဖြင့် တက်နေသော ကုန်ကြမ်းစရိတ်နှင့် စွမ်းအင်စရိတ်များကို တုံ့ပြန်နိုင်ရန် ပြုပြင်ပြောင်းလဲရန်လိုအပ်ကြောင်း ထောက်ပြခဲ့သည်။
အဂတိလိုက်စားမှုသည် စီးပွားရေး၏ "လျှို့ဝှက်ကုန်ကျစရိတ်" ဖြစ်နေ
ပြည်သူ့ပါတီ(People’s Party)မှ လွှတ်တော်အမတ် Mr. Anusorn Thammajai က အဂတိလိုက်စားမှုသည် ထိုင်းစီးပွားရေးကို ဆယ်စုနှစ်များစွာ ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့သည့် "လျှို့ဝှက်ကုန်ကျစရိတ်"ဖြစ်သည်ဟု ဆိုသည်။ အစိုးရအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် AI နည်းပညာကို အသုံးပြု၍ ပွင့်လင်းမြင်သာမှုရှိအောင်ဆောင်ရွက်သင့်ပြီး၊ ယင်းသို့မလုပ်ဆောင်နိုင်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကျဆင်းကာ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားလိမ့်မည်ဟု သတိပေးခဲ့သည်။
ဆန်စပါးနှင့် စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု
ထိုင်းဆန်ကုန်သည်များအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Chookiat Ophaswongse က အစိုးရ၏ မူဝါဒများသည် ယခင်အစိုးရဟောင်း၏ မူဝါဒများနှင့် ဆင်တူနေပြီး လက်တွေ့တွင် မည်သို့ကွဲပြားအောင်လုပ်ဆောင်မည်ကို မရှင်းလင်းကြောင်းပြောကြားခဲ့သည်။ ဆန်စပါးထုတ်လုပ်မှု ကုန်ကျ စရိတ်ကို လျှော့ချရန်နှင့် ကမ္ဘာ့စျေးကွက်လိုအပ်ချက်နှင့်အညီ မျိုးကောင်းမျိုးသန့်များထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့အကြား ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်း ၎င်းက အကြံပြုထားသည်။
တိုင်းတာ၍ရသော ရလဒ်များ (KPIs) လိုအပ်ချက်
စီးပွားရေးပညာရှင်များက အစိုးရအနေဖြင့် ၎င်းတို့၏မူဝါဒများအောင်မြင်မှုကို တိုင်းတာနိုင်မည့် အဓိကလုပ်ငန်းဆောင်ရွက်မှုညွှန်းကိန်းများ(KPIs) ကို တိတိကျကျသတ်မှတ်သင့်ကြောင်း ပြောဆိုကြသည်။ ဥပမာအားဖြင့် - ၂၀၂၆ ခုနှစ်တွင် စိုက်ပျိုးရေးထုတ်လုပ်မှုစရိတ်ကို အနည်းဆုံး ၂၀ ရာခိုင်နှုန်းလျှော့ချမည်ဟူသော တိကျသည့်ရည်မှန်းချက်မျိုးရှိသင့်သည်။ ထို့အပြင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(SMEs) ဘဏ္ဍာရေးအရင်းအနှီးရရှိနိုင်မှု၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor)ကဲ့သို့သော ခေတ်မီနည်းပညာလုပ်ငန်းများတွင် ထိုင်းလုပ်သားများ၏ ကျွမ်းကျင်မှုမြှင့်တင်ရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကွင်းဆက်(Supply Chain)များခိုင်မာစေရေးတို့အတွက် အစိုးရက ထဲထဲဝင်ဝင်ဆောင်ရွက်ပေးရန်လိုအပ်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။
Source : Bangkok Post
(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)