International News

ဟောင်ကောင်ဒေသ၏ အလုပ်လက်မဲ့ရာခိုင်နှုန်းမြင့်တက်

Last Updated:

၂၀၂၅ ခုနှစ်၊ မတ်လမှ မေလအတွင်း ဟောင်ကောင်ဒေသ၏ ပျမ်းမျှအလုပ်လက်မဲ့နှုန်းထားမှာ ၃.၅ ရာခိုင်နှုန်းသို့ရောက်ရှိခဲ့ပြီး ယခင်သုံးလပတ်ကာလထက် ၀.၁ ရာ ခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းနှင့် ရရာအလုပ်လုပ်ကိုင်မှုနှုန်းမှာလည်း  ၁.၄ ရာခိုင်နှုန်းသို့မြင့်တက်ခဲ့ကြောင်း ဇွန်လ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဟောင်ကောင်ဒေသအစိုးရ၊ သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာန၏ စာရင်းဇယားများ၌ ဖော်ပြထားပါသည်။

ယခင်သုံးလပတ်ကာလ(ဖေဖော်ဝါရီလမှ ဧပြီလ)အတွင်း ဖြစ်ပေါ်ခဲ့သည့် စာရင်းဇယားများနှင့်နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ်၊ မတ်လမှ မေလအတွင်း လုပ်ငန်းကဏ္ဍအလိုက်၌ အလုပ်လက်မဲ့နှင့် ရရာအလုပ်လုပ်ကိုင်မှုနှုန်းထားမြင့်တက်ခဲ့ပါသည်။ အလုပ်လက်မဲ့နှုန်းသိသိသာသာမြင့်တက်သည့်ကဏ္ဍများမှာ ဆောက်လုပ်ရေး၊ လက်လီရောင်းချမှုနှင့် အိမ်ခြံမြေကဏ္ဍတို့ဖြစ်ပြီး ရရာအလုပ်လုပ်ကိုင်မှုနှုန်းထား မြင့်တက်သည့်ကဏ္ဍမှာ ဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့ဖြစ် ကြောင်း ရေးသားဖော်ပြထားပါသည်။

၂၀၂၅ ခုနှစ်၊ မတ်လမှ မေလအတွင်း အလုပ်အကိုင်ခန့်ထားမှုမှာ ယခင်သုံးလပတ်အတွင်းခန့်ထားခဲ့သည့်ပမာဏထက် ၁၂,၄၀၀ ခန့်ကျဆင်းခဲ့သောကြောင့် စုစုပေါင်း ၃,၆၆၄,၇၀၀ ခန့်ရှိခဲ့ကြောင်းနှင့် လုပ်သားဦးရေ ၆,၀၀၀ ကျဆင်းခဲ့ကာ စုစုပေါင်းလုပ်သားဦးရေ ၃,၈၀၀,၅၀၀ ရှိခဲ့ကြောင်း၊ အလုပ်လက်မဲ့ဦးရေ ၆,၄၀၀ ခန့်နှင့် ရရာအလုပ်လုပ်ကိုင်သူ ၆,၀၀၀ ခန့်အသီးသီးတိုးတက်ခဲ့ကြောင်း  ရေးသားဖော်ပြထားပါသည်။

ယခင်သုံးလပတ်ကာလတွင် ၃.၄ ရာခိုင်နှုန်းရှိခဲ့သည့် ဟောင်ကောင်ဒေသ၏ ပျမ်းမျှအလုပ် လက်မဲ့နှုန်းထားမှာ ၂၀၂၅ ခုနှစ်၊ မတ်လမှ မေလအတွင်း ၃.၅ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ပြီး ရရာအလုပ်လုပ်ကိုင်မှုအနေဖြင့်လည်း ၁.၃ ရာခိုင်နှုန်းမှ ၁.၄ ရာခိုင်နှုန်းသို့မြင့်တက်ခဲ့ကြောင်း၊ လုပ်သားအရေအတွက်နှင့် စုစုပေါင်းအလုပ် အကိုင်ခန့်ထားမှုမှာ ယခင်သုံးလပတ်ကာလထက် ကျဆင်းခဲ့ကြောင်း အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီး Mr Chris Sun  က ပြောကြားခဲ့သည်ဟု  ရေးသားဖော်ပြထား ပါသည်။

ကမ္ဘာ့စီးပွားရေးအခြေအနေမရေရာမှုများနှင့် ဟောင်ကောင်ဒေသခံများနှင့်ခရီးသွား များ၏ သုံးစွဲမှုပုံစံပြောင်းလဲလာနေချိန်တွင် အလုပ်အကိုင်ဖန်တီးမှုအနေအထားမှာ လုပ်ငန်းကဏ္ဍအသီးသီး၏ တိုးတက်မှုအပေါ်တွင်မူတည်နေကြောင်း၊ ထို့ပြင် ဘွဲ့ရပြီးစလူငယ်များ ဟောင်ကောင်ဒေသသို့ လာရောက် ခြင်းနှင့် မကြာမီကျောင်းပြီးတော့မည့်လူငယ်များ စသည့်အခြေအနေများသည်လည်း ဟောင်ကောင်ဒေသ၏ အလုပ်အကိုင်ခန့်ထားမှုအပေါ် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ သို့သော် ဟောင်ကောင်ဒေသ၌ မှတ်ပုံတင်ထားသည့် ဒေသခံနှင့် နိုင်ငံခြားကုမ္ပဏီအရေအတွက်မြင့်တက်လာခြင်းနှင့်အတူ ဒေသ၏စီးပွားရေး တဖြည်းဖြည်းချဲ့ထွင်လာနိုင်ခြင်းကဲ့သို့သော အပြုသဘောဆောင်သည့်အခြေအနေများက လုပ်သားဈေးကွက်အပေါ် အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် စီးပွားရေးတိုးတက်မှုအရှိန်အဟုန်ကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရေးသားထားပါသည်။ 

(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News