International News

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် စံချိန်သစ်တင်မည်ဟု ခန့်မှန်း

Last Updated:

ဗီယက်နမ်နိုင်ငံမှ ကော်ဖီတင်ပို့မှုသည် ကော်ဖီတင်ပို့မှုသမိုင်းတစ်လျှောက်တွင် တင်ပို့မှုတန်ဖိုးအမြင့်ဆုံးဖြစ်သည့် အမေရိကန်ဒေါ်လာ ၈ ဘီလီယံနီးပါးရောက်ရှိရန်ခန့်မှန်းထားကြောင်း အစိုးရသတင်းဖော်ပြချက်အရ သိရှိရပါသည်။ ၂၀၂၄-၂၀၂၅ ကော်ဖီသီးနှံနှစ် (၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ) သည်  စံချိန်တင်အောင်မြင်မှုများဖြင့် သီးနှံနှစ်ကုန်ဆုံးမည့်အချိန်ဖြစ် ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်ကော်ဖီနှင့် ကိုကိုးအသင်းဥက္ကဋ္ဌဖြစ်သူ Mr. Nguyen Nam Hai က ယခုနှစ် သီးနှံတင်ပို့မှုတွင် ကော်ဖီတင်ပို့မှုဈေးနှုန်းမှာ အမြင့်ဆုံးဖြစ်ပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅,၈၅၀ အထိရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ဥရောပသည် ဗီယက်နမ်၏အကြီးဆုံးပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်တည်လျက်ရှိပြီး ကော်ဖီတန်ချိန် ၆၇၀,၀၀၀ တင်သွင်းခဲ့ကြောင်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံရှိကြောင်းဖော်ပြထားပါသည်။ အမေရိကန်သည် စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၄.၇ ရာခိုင် နှုန်းနှင့် အာရှသည် စုစုပေါင်းပို့ကုန်၏ ၂၀.၇ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားပါသည်။

Mr. Hai ၏အဆိုအရ ပို့ကုန်ဈေးကွက်များတွင် ကုန်သွယ်မှုအတား အဆီးများနှင့် အခွန်အခများမြင့်တက်လာခြင်းသည် ကော်ဖီလုပ်ငန်းအတွက် စိန်ခေါ်မှုများရှိနေသော်လည်း အဆိုပါအတားအဆီးများသည် ၎င်းတို့၏ထုတ်လုပ်မှုနှင့် စီးပွားရေးမဟာဗျူဟာများတွင် လိုက်လျော ညီထွေရှိစေရန်အတွက် အခက်အခဲများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

နိုင်ငံတကာတွင် ဂုဏ်သတင်းကျော်စောမှု၊ တည်ငြိမ်သော ထုတ်ကုန်ထွက်ရှိမှု၊ သင့်တင့်သော ရောင်းဈေးများကြောင့် ဗီယက်နမ်၏ကော်ဖီတင်ပို့မှုသည် ၂၀၂၄-၂၀၂၅ ကော်ဖီသီးနှံနှစ်တွင် စံချိန်တင်ကာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံနီးပါးရရှိမည်ဟု ခန့်မှန်းထားပါသည်။

Buon Ma Thuot ကော်ဖီအသင်းဥက္ကဋ္ဌဖြစ်သူ Mr. Trinh Duc Minh က ယခုနှစ်သည် ကော်ဖီကဏ္ဍအတွက် ထူးထူးခြားခြားအောင်မြင်သော နှစ်တစ်နှစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ် ပထမ ၇ လအတွင်း ဗီယက်နမ်နိုင်ငံမှ ကော်ဖီတန်ချိန် ၁.၁ သန်းတင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါးဝင်ငွေရရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် စုစုပေါင်းပို့ကုန်တန်ဖိုးကို ကျော်လွန်ကာ တစ်နှစ်ထက်တစ်နှစ် ၆၅.၁ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း ဖော်ပြထားပါသည်။

ကော်ဖီလုပ်ငန်းအောင်မြင်မှုသည် ကော်ဖီစေ့များစျေးနှုန်းကြီးမြင့်သတ်မှတ်ခြင်းအပေါ် တစ်ခုတည်းမူတည်ခြင်းမဟုတ်ကြောင်း၊ ကော်ဖီ ၏အရည်အသွေးကို မြှင့်တင်ရန် အားထုတ်မှုအပေါ်တွင်လည်း မူတည်ကြောင်း  Mr. Minh က ပြောကြားခဲ့သည်။ အထူးပြုကော်ဖီကို တီထွင်ထုတ်လုပ်ခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များရယူခြင်းနှင့် နိုင်ငံတကာစံချိန်စံညွှန်းများပြည့်မီခြင်းတို့သည် ဗီယက်နမ်ကော်ဖီစေ့များ၏အဆင့်အတန်းကို မြှင့်တင်ပေးခြင်း၊ ဈေးနှုန်းကို နှိမ့်ချခြင်းမှ ကင်းဝေးစေပြီး ရေရှည်တန်ဖိုးကို ဖန်တီးပေးကြောင်း ဖော်ပြထားပါသည်။

Simexco Daklak(2-9 Import Export Company)၏ဥက္ကဋ္ဌဖြစ်သူ Mr. Le Duc Huy က ၀ယ်လိုအားပြတ်တောက်မှုကြောင့် ကမ္ဘာ့ကော်ဖီဈေးနှုန်းများ သိသိသာသာမြင့်တက်နေချိန်အတွင်း ကုမ္ပဏီ၏ စံချိန်တင်ပို့ကုန်တန်ဖိုးသည် ယခင်နှစ်ကုန်ပိုင်းက ချုပ်ဆိုထားသောစာချုပ်များကြောင့်ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့ကြောင်းဖော်ပြထားပါသည်။

Source:  VN Economy

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News