International News

စင်ကာပူ-ဩစတြေးလျဘက်စုံမဟာဗျူဟာပူးပေါင်းဆောင်ရွက်မှု (၂.၀) အရ စင်ကာပူ-ဩစတြေးလျစီးပွားရေးပူးပေါင်းဆောင်ရွက်မှု

Last Updated:

ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော (၁၀)ကြိမ်မြောက် စင်ကာပူ - ဩစတြေးလျ နှစ်စဉ်ခေါင်းဆောင်များအစည်းအဝေး(10th Singapore-Australia Annual Leaders’ Meeting)တွင် စင်ကာပူနိုင်ငံဝန်ကြီးချုပ် Lawrence Wong နှင့် ဩစတြေးလျနိုင်ငံဝန်ကြီးချုပ် Anthony Albanese တို့က စင်ကာပူ-ဩစတြေးလျဘက်စုံမဟာဗျူဟာပူးပေါင်းဆောင်ရွက်မှု (၂.၀) (Singapore-Australia Comprehensive Strategic Partnership 2.0 -  CSP 2.0) ကို ကြေညာခဲ့ပါသည်။ CSP 2.0 ၏မဏ္ဍိုင် ၅ ခုအနက် ဒုတိယမဏ္ဍိုင်ဖြစ်သည့် စီးပွားရေးချိတ်ဆက်မှု(Connecting Our Economies) နှင့်တတိယမဏ္ဍိုင်ဖြစ်သည့် ကာဗွန်ထုတ်လွှတ်မှုသုညသို့ ကူးပြောင်းခြင်း(Transitioning to Net Zero)တို့အောက်တွင် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြ ပါသည်။

စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် ဩစတြေးလျနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနတို့အကြား စီးပွားရေးကြံ့ကြံ့ခံနိုင်မှုဆိုင်ရာနားလည်မှုစာချွန်လွှာ(MOU on Economic Resilience)ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါနားလည်မှုစာချွန်လွှာအရ စီးပွား ရေးကဏ္ဍ ခိုင်မာအားကောင်းစေရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် နှစ်နိုင်ငံအတွက် အရေးပါသည့်ကုန်စည်များကုန်သွယ်မှုပြုလုပ်ရန် စီစဉ်ညှိနှိုင်းခြင်း၊ အနာဂတ်တွင် ဥပဒေအရစည်းနှောင်မှုရှိသည့် ကတိကဝတ်များဖော်ထုတ်ခြင်း စသည်တို့ကိုဆောင်ရွက်ကြမည်ဖြစ်ပါသည်။ ထို့အပြင် အဆင့်မြင့်အရာရှိကြီးများအဆင့် ဩစတြေးလျ-စင်ကာပူစီးပွားရေးကြံ့ကြံ့ခံနိုင်မှုဆိုင်ရာဆွေးနွေးပွဲများ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

အစိမ်းရောင်စီးပွားရေးနှင့် တီထွင်ဆန်းသစ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ(MOU on Green Economy and Innovation Collaboration) ကို New South Wales ပြည်နယ်နှင့် ချုပ်ဆိုခဲ့ပြီး အစိမ်းရောင်စွမ်းအင်ဆန်းသစ်တီထွင်မှု၊ ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးတိုးတက်မှု၊ fintech ၊ ဆေးဘက်ဆိုင်ရာနည်းပညာ (medtech)၊ သန့်ရှင်းသောနည်းပညာ(cleantech)၊ ပို့ဆောင်ရေးနှင့် ရွေ့လျားသွားလာရေးနည်းပညာ၊ ရေရှည်တည်တံ့မှုဆိုင်ရာ ဆန်းသစ်တီထွင်မှုများစသည်တို့ကို အလေးပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စွမ်းအင်အသစ်နှင့် ဇီဝဆေးဝါးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာ(MOU on New Energy and Biomedical Collaboration) အရ စွမ်းအင်အသစ်အတွက် ကမ်းလွန်လေအားလျှပ်စစ်၊ စွမ်းအင်သိုလှောင်မှု၊ ပြန်လည်ပြည့်ဖြိုးမြဲဟိုက်ဒရိုဂျင်၊ ဇီဝစွမ်းအင်၊ လေယာဉ်လောင်စာဆီနှင့် ကာဗွန်ထုတ်လွှတ်မှုသုညဖြစ်စေသည့် သယ်ယူပို့ဆောင်ရေး စသည်တို့ကို အလေးပေးဆောင်ရွက်မည်ဖြစ်ပြီး ဇီဝဆေးဝါးအနေဖြင့် လူနာ၏မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ နေထိုင်မှုပုံစံတို့အပေါ်မူတည်၍ ရောဂါကာကွယ်ခြင်း၊ ကုသခြင်းကို ဦးတည်သည့် ဆေးဝါးထုတ်လုပ်ခြင်း(precision medicine)၊ ဆေးဘက်ဆိုင်ရာနည်းပညာ၊ ဇီဝနည်းပညာနှင့် ဒီဂျစ်တယ်ကျန်းမာရေးစသည်တို့ကို အလေးပေး ဆောင်ရွက်မည်ဖြစ်ပါသည်။

ဩစတြေးလျနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား နယ်စပ်ဖြတ်ကျော်လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးမူဘောင်(Cross-Border Electricity Trade–CBET)ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါမူဘောင်သည် ဒေသတွင်းရှိ CBET တွင်ပါဝင်သည့် အစိုးရများ၊ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် အခြားပါဝင်ပတ်သက်သူများအတွက် ရှင်းလင်းပြီး ခန့်မှန်းနိုင်သည့် စံနှုန်းများ၊ အကောင်းဆုံးအလေ့အကျင့်များနှင့်စပ်လျဉ်းသည့် ကိုးကားချက်တစ်ခုအဖြစ်ရည်ရွယ်ပါသည်။

စွမ်းအင်၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာတာဝန်ခံဝန်ကြီး Dr. Tan See Leng က “CSP 2.0 သည် နှစ်နိုင်ငံအတွက် သိသာထင်ရှားသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ စီးပွားရေး၊ ကုန်စည်ထောက်ပံ့ရေး ကွင်းဆက်ကြံ့ခိုင်မှု၊ စွမ်းအင်ကူးပြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ မှုလွယ်ကူချောမွေ့စေရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှုများသည် ကမ္ဘာ့စိန်ခေါ်မှုများကို ရင်ဆိုင်ရန်နှင့် ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းများရယူရန်အတွက် ကတိကဝတ်များကို ထင်ဟပ်စေကြောင်း၊ ဩစတြေးလျနိုင်ငံ၏ မိတ်ဖက်အဖွဲ့အစည်းများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း” ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံနှင့် ဩစတြေးလျနိုင်ငံ နှစ်နိုင်ငံ ကုန်သွယ်မှုမှာ ၂၀၂၄ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၃၀.၃ ဘီလီယံရှိခဲ့ပြီး ဩစတြေးလျနိုင်ငံသည် စင်ကာပူနိုင်ငံ၏ထိပ်ဆုံးကုန်သွယ်မှု မိတ်ဖက်နိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်ပြီး စင်ကာပူနိုင်ငံသည် ဩစတြေးလျနိုင်ငံတွင် ဆဋ္ဌမမြောက်ရင်းနှီး မြှုပ်နှံမှု အများဆုံးပြုလုပ်သည့်နိုင်ငံဖြစ်ပါသည်။

ရင်းမြစ်။        Ministry of Trade and Industry, Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News