International News

သဘာဝဘေးအန္တရာယ်ကြောင့် ကြီးမားသော ထိခိုက်မှုအန္တရာယ်နှင့် ကြုံတွေ့ရသည့် ဒါဂျီလင် (Darjeeling) လက်ဖက်လုပ်ငန်း

Last Updated:

ဆယ်စုနှစ်တစ်ဝက်ကြာ ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသော ဒါဂျီလင်လက်ဖက်လုပ်ငန်းသည် သဘာဝဘေးအန္တရာယ်ကြောင့် ကြီးမားသောထိခိုက်မှုအန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၇ ရက်နေ့က ဖော်ပြသည်။

ယခုလ ၅ ရက်(တနင်္ဂနွေနေ့)ညတစ်ညတည်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆိုပါတောင်ကုန်းဒေသများ၌ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးမြေပြိုမှုများဖြစ်ပွားခဲ့ပြီး၊ လက်ဖက်ခြံအများစုကို ပြင်းထန်စွာထိခိုက်စေခဲ့ကာ လက်ဖက်ပင်ထောင်ပေါင်းများစွာ ရေထဲမျောပါသွားခဲ့ကြောင်း သိရသည်။

ဒါဂျီလင်လက်ဖက်စိုက်ပျိုးသူများအတွက် နှစ်စဉ်ထွက်ရှိသော လက်ဖက်ထုတ်လုပ်မှု၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်ရှိသည့် အရည်အသွေးမြင့် ဆောင်းဦးရာသီလက်ဖက်ထွက်ကုန်များမှာ လုံးဝပျက်စီးသွားခဲ့ကြောင်း သိရသည်။

ဒါဂျီလင်လက်ဖက်ခြောက်များကို ရောင်းချသည့် တစ်ခုတည်းသောကော်လ်ကတ္တားလေလံဗဟိုဌာနတွင် ယခုသီတင်းပတ်မှစ၍နောက်ထပ် သုံးကြိမ်ရောင်းချရန်သာ လက်ဖက်ခြောက်များကျန်ရှိနေသောကြောင့် ကမ္ဘာကျော်ရနံ့မွှေးကြိုင်သော လက်ဖက်ခြောက်များ၏ လေလံဈေးနှုန်းများမြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။

Chamong အဖွဲ့၏ဥက္ကဋ္ဌ Ashok Kumar Lohia က Businessline သတင်းဌာနသို့ ပြောကြားရာတွင်"လက်ဖက်ခြံများရဲ့ ၇၅ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းနီးပါးဟာ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် အကြီး အကျယ်ထိခိုက်ခဲ့ရပါတယ်။ တောင်ကုန်းတွေမှာ လူတွေအများအပြား သေဆုံးခဲ့ကြပါတယ်။ ဒါဂျီလင်မှာ ကျွန်တော်တို့ရဲ့လက်ဖက်ခြံ ၁၄ ခြံရှိပါတယ်။ လက်ရှိအချိန်အထိ ကျွန်တော်တို့ရဲ့ လက်ဖက်ခြံအလုပ်သမားသုံးဦးမြေပြိုမှုကြောင့် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းရရှိထားပါတယ်။ လက်ဖက်ပင်တွေလည်း ရေထဲမျောပါသွားခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

မြောက်ဘင်္ဂလားဒေသရေကြီးမှုတွင် သေဆုံးသူဦးရေ ၂၈ ဦးအထိမြင့်တက်လာပြီး၊ အောက်တိုဘာလ ၄ ရက်နှင့် ၅ ရက်နေ့များတွင် ဒါဂျီလင်ခရိုင်၌ မြေပြိုမှုကြောင့် ၂၃ ဦးအထိ သေဆုံးခဲ့ကြောင်း သိရသည်။

"ဒီတစ်ကြိမ် တောင်ကုန်းတွေမှာဖြစ်ပွားတဲ့ သဘာဝဘေးအန္တရာယ်ရဲ့ပြင်းထန်မှုဟာ ၁၉၆၈ ခုနှစ်က ဖြစ်ပွားခဲ့ဖူးတဲ့ အကြီးစားငလျင်နဲ့သာ နှိုင်းယှဉ်လို့ရနိုင်ပါတယ်။ မြေပြိုမှုတွေကြောင့် လက်ဖက်ချုံတွေ အများအပြားရေထဲမျောပါသွားခဲ့ပြီး လက်ဖက်ထုတ်လုပ်မှုအပေါ် ရေရှည်သက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ "လက်ဖက်ချုံအသစ်တွေဟာ အစောပိုင်းကာလမှာ အထွက်နှုန်းနည်းပြီး ယေဘုယျအားဖြင့် ငါးနှစ်ကြာပြီးမှသာ အထွက်နှုန်းတက်လာတာဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

အိန္ဒိယလက်ဖက်ဘုတ်အဖွဲ့၏အချက်အလက်များအရ ဒါဂျီလင်ဒေသ၏ လက်ဖက်ထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၆ ဒသမ ၀၁ သန်း ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၅ ဒသမ ၆၀ သန်းသို့ ကျဆင်းသွားခဲ့ကြောင်း သိရသည်။

Bagaria အဖွဲ့၏ဥက္ကဋ္ဌ S.S. Bagaria က ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားပြီးနောက် တောင်ကုန်းဒေသများတွင်"အလုံစုံပျက်သုဉ်းမှု(Total disaster)"ဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ၎င်းက ထပ်လောင်းပြောကြားရာတွင် "ဒီအဖြစ်အပျက်ကြောင့် ကျွန်တော်တို့ လက်ဖက်တန်ချိန် ၀ ဒသမ ၅ သန်းဆုံးရှုံးခဲ့ရပါတယ်။ လက်ဖက်ချုံအဟောင်းတွေ အများအပြားရေထဲမျောပါသွားတဲ့အတွက် ထုတ်လုပ်မှုကလည်း ရေရှည်မှာ ထိခိုက်မှုရှိလာမှာပါ" ဟု ပြောကြားခဲ့သည်။

ဒါဂျီလင်လက်ဖက်ထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၆ သန်းအောက်သို့ ကျဆင်းခဲ့ပြီး၊ မကြာသေးမီကာလ သမိုင်းတစ်လျှောက်တွင် အနိမ့်ဆုံးထုတ်လုပ်မှုဖြစ်လာနိုင်ကြောင်းနှင့် အဆိုပါထုတ်လုပ်မှုသည် ဆိုးရွားသော ရာသီဥတုအခြေအနေများကြောင့် ပြင်းထန်စွာ ထိခိုက်ခဲ့ကြောင်း သိရ သည်။

မြေပြိုမှုများနှင့် ရုတ်တရက်ရေကြီးမှုများကြောင့် လမ်းများပိတ်ဆို့ကာ တံတားများ ရေနှင့်အတူ မျောပါသွားခဲ့သောကြောင့် ဒါဂျီလင်လက်ဖက် ခြောက်များဖြန့်ဖြူးရေးအတွက် အဓိကစိုးရိမ်စရာဖြစ်နေကြောင်း သိရသည်။

ကော်လ်ကတ္တားလက်ဖက်ခြောက်ကုန်သည်များအသင်း(Calcutta Tea Traders Association) အတွင်းရေးမှူး Kalyan Sundaram က businessline သတင်းဌာနသို့ ပြောကြားရာတွင် "ယခုလ ၉ ရက်နေ့မှာ ကျင်းပမယ့် ဒီတစ်ပတ်အရောင်းအတွက် ဒါဂျီလင်လက်ဖက်ခြောက်တွေရောက်ရှိနေပါပြီ။ ကျွန်တော်တို့မှာ ယခုလ ၁၄ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ စီစဉ်ထားတဲ့ အရောင်းအတွက်လည်း စတော့ခ်တွေရှိနေပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ လက်ဖက်ခြောက်တွေ ရောက်ရှိလာဖို့လိုပါတယ်။ ဘယ်အချိန်မှာ ရောက်ရှိလာမလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ အောက်တိုဘာလအတွက် နောက်ဆုံးအရောင်းကို ယခုလ ၂၉ ရက်နေ့မှာ စီစဉ်ထားပါတယ်" ဟု ပြောကြားခဲ့သည်။

ဒါဂျီလင်ဒေသသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၆၇၀၀) ခန့်အမြင့်တွင်တည်ရှိပြီး၊ တောင်ကုန်းထူထပ်ကာ အေးမြသောရာသီ ဥတုအခြေအနေကြောင့် လက်ဖက်ပင်များစိုက်ပျိုးဖြစ်ထွန်းသည့်ဒေသတစ်ခုဖြစ်ပါသည်။ ဒါဂျီလင်လက်ဖက်အချိုခြောက်သည် ကမ္ဘာတွင် နာမည်ကြီးပြီး၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပထဝီဒေသဆိုင်ရာ အညွှန်းကိန်းမှတ်ပုံတင်(Registration of Geographical Indication-GI)ဖြင့် ကာကွယ်ထားသည်။ ယခုအခါ မိုးသည်းထန်စွာရွာသွန်းမှု၊ မြေပြိုမှု၊ ရေကြီးရေလျှံမှု စသည့်သဘာဝဘေးန္တရာယ်များနှင့်ရင်ဆိုင်နေရပြီး လက်ဖက်စိုက်ခင်းများထိခိုက်ကာ လက်ဖက်ခြောက်အထွက်နှုန်းကျဆင်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။

Source:    The Hindu Businessline, Darjeeling floods and landslides: Premium autumn crop totally washed out, supply of tea remains major worry, October 7, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News