International News

စင်ကာပူစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့နှင့် နယ်သာလန် Brabant Development Agency တို့အကြား စီးပွားရေးဆက်ဆံမှုခိုင်မာအားကောင်းစေရေး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

Last Updated:

စင်ကာပူနိုင်ငံနှင့် နယ်သာလန်နိုင်ငံ၊ Brabant ပြည်နယ်တို့အကြား စီးပွားရေးဆက်ဆံမှုခိုင်မာအားကောင်းစေရေးအတွက် စင်ကာပူစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့(Economic Development Board – EDB)နှင့် Brabant Development Agency(BOM)တို့အကြား နားလည်မှုစာချွန်လွှာကို ၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

ပူးပေါင်းဆောင်ရွက်မှုသည် စင်ကာပူနိုင်ငံနှင့် Brabant တို့အတွက် အပြန်အလှန်အထောက်အကူဖြစ်စေမည့် စီးပွားရေးစနစ်များ ဖွံ့ဖြိုးတိုးတက်စေရန် မူဘောင်တစ်ခုဖြစ်စေမည်ဖြစ်ပါသည်။ EDB နှင့် BOM တို့သည် အသိပညာများနှင့်မူဝါဒများဖလှယ်ခြင်း၊ စွမ်းဆောင်ရည်များဖွံ့ဖြိုးတိုးတက်စေခြင်း၊ ပူးတွဲသုတေသနပြုလုပ်မည့်အခွင့်အလမ်းများ လွယ်ကူချောမွေ့စေရေးအတွက် နှစ်နိုင်ငံမှ ကုမ္ပဏီများ၊ အဓိကမိတ်ဖက်များနှင့်အတူတကွ လက်တွဲဆောင်ရွက်မည်ဖြစ်ပါသည်။ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ အဆင့်မြင့်ထုတ်လုပ်မှုများ၊ ဉာဏ်ရည်တု(Artificial Intelligence)၊ ဆိုက်ဘာလုံခြုံရေး၊ အချက်အလက်သိပ္ပံ(Data Science)၊ သန့်ရှင်းသောစွမ်းအင်စနစ်များ၊ ဆေးဘက်ဆိုင်ရာနည်းပညာ၊ ဆေးဝါးများ၊ ဇီဝနည်းပညာ၊ ကျန်းမာရေးဆိုင်ရာနည်းပညာ၊ စိုက်ပျိုးရေးနှင့်အစားအစာဆိုင်ရာ နည်းပညာ၊ အခြားရွေးချယ်နိုင်သော ပရိုတိန်းအမျိုးအစားများစသည့်နယ်ပယ်များတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

နားလည်မှုစာချွန်လွှာသည် အာရှဒေသတွင် စင်ကာပူနိုင်ငံ၏ စီးပွားရေးအချက် အချာနေရာအဖြစ် ရပ်တည်နိုင်ရေး ဥရောပကုမ္ပဏီများဖွံ့ဖြိုးတိုးတက်ရန်၊ အခွင့် အလမ်းအသစ်များကို ရယူရန်နှင့် နယ်သာလန်နိုင်ငံမှတစ်ဆင့် အာဆီယံစီးပွားရေးလုပ်ငန်းများ ဥရောပဒေသသို့ ဝင်ရောက်နိုင်ရေး အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။ အလေ့အကျင့်ကောင်းများနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတို့ကိုအပြန် အလှန်မျှဝေခြင်းအပြင် တီထွင်ဆန်းသစ်မှုများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရေးကို အားပေးရန်အတွက် EDB နှင့် BOM သည် ပညာရပ်ပိုင်းဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံသူများပါဝင်သည့် ဆွေးနွေးမှုစင်္ကြံတစ်ခုတည်ထောင်သွားရန်ရှိပါသည်။ စင်ကာပူနိုင်ငံနှင့်နယ်သာလန်နိုင်ငံတို့မှ ပညာရပ်ပိုင်းဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများပါဝင်သည့် နယ်စပ်ဖြတ်ကျော်သင်ယူမှုများအတွက် အခွင့်အလမ်းများဖန်တီးပေးနိုင်ရန် အဆင့်မြင့်သင်ယူရေးဆိုင်ရာ သင်တန်းကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

EDB ၏ဦးဆောင်ညွှန်ကြားရေးမှူး Mr. Jermaine Loy က “နားလည်မှုစာချွန်လွှာသည် စင်ကာပူနိုင်ငံနှင့် နယ်သာလန်နိုင်ငံအကြား နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများနှင့် တီထွင်ဆန်းသစ်မှုစီးပွားရေးစနစ်တို့ကို ပိုမိုပူးပေါင်းဆောင်ရွက်စေမည်ဖြစ် ကြောင်း၊ နှစ်နိုင်ငံကုမ္ပဏီများနှင့် လူမှုအသိုက်အဝန်းတို့ ဖွံ့ဖြိုးတိုးတက်စေရေး  အထောက်အကူပြုနိုင်ရန်အတွက် အရည်အချင်းပြည့်ဝရန်နှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်စက်မှုလုပ်ငန်းများကို အားဖြည့်ပေးရန် ဒတ်ချ်လူမျိုးမိတ်ဖက်များနှင့် အတူ တကွလုပ်ကိုင်နိုင်ရေးမျှော်လင့်ကြောင်း” ပြောကြားခဲ့ပါသည်။

BOM ၏နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံတကာကုန်သွယ်ရေးဌာန ဦးဆောင် ညွှန်ကြားရေးမှူး Mr.Daan de Cloe က “စင်ကာပူနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့မှာ နှစ်ပေါင်း ၆၀ ကုန်သွယ်မှုဆက်ဆံရေးရှိကြောင်း၊ နားလည်မှုစာချွန်လွှာသည် စက်မှုလုပ်ငန်းများနှင့်နည်းပညာများအဆင့်မြင့်ပြီး နှစ်နိုင်ငံအတွက် အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာအားကောင်းစေမည်ဖြစ် ကြောင်း” ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        စင်ကာပူစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News