International News

၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျှောက်လွှာ တန်ဖိုးအားဖြင့် ၃၇ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း ထိုင်းနိုင်ငံအစိုးရပြောရေးဆိုခွင့်ရှိသူ Mr. Anukul Pruksanusak က ပြောကြားခဲ့

Last Updated:

၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း Foreign Business Act(FBA) အောက်၌ ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ ၅၀၂ ဦးက လျှောက်ထားလာခဲ့ရာ ၃၀ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Mr. Anukul Pruksanusak က ပြောကြားခဲ့ပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ဘတ် ၁၁၁ ဘီလီယံဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၊ နိုင်ငံခြားလုပ်ငန်းအက်ဥပဒေအောက်မှ  စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် လမ်းကြောင်း ၂ ခုမှ လျှောက်ထားလာခဲ့ကြောင်း၊ နိုင်ငံခြားသားများအတွက် လုပ်ငန်းလိုင်စင်တွင် လျှောက်ထားသူ ၁၂၃ ဦးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်သည့်ဥပဒေအောက်မှ ထုတ်ပေးသည့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းအတွက် သက်သေခံလက်မှတ်လျှောက်ထားသူ ၃၇၉ ဦးရှိကြောင်း၊ ၆ လအတွင်း ကိစ္စရပ် ၁၁ ၇ ခုထိမြင့်တက်ခဲ့ပြီး တန်ဖိုးအား ဘတ် ၃၀ ဘီလီယံတိုးတက်ခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသော ထိပ်တန်း ၅ နိုင်ငံမှာ ဂျပန်(ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၄၃ ဘီလီယံဖြင့် စီမံကိန်း ၉၉ ခု)၊ အမေရိကန်(ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၂.၇၉ ဘီလီယံဖြင့် စီမံကိန်း ၇၂ ခု)၊ တရုတ်(ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၁၈.၃ ဘီလီယံဖြင့် စီမံကိန်း ၆၅ ခု)၊ စင်ကာပူ(ရင်းနှီး မြှုပ်နှံမှုတန်ဖိုး ဘတ် ၁၇.၄ ဘီလီယံဖြင့် စီမံကိန်း ၆၃ ခု)နှင့် ဟောင်ကောင်(ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၈.၃၁ ဘီလီယံဖြင့် စီမံကိန်း ၅၁ ခု) ဖြစ်ကြောင်း သိရှိရပါသည်။

အရှေ့ဖက်စီးပွားရေးစင်္ကြံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၅၈ ခုလျှောက်ထားခဲ့ပြီး ၃၆ ရာခိုင်နှုန်းတိုးတက်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ဘတ် ၆၂.၉ ဘီလီယံရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများမှာ ဂျပန်(ရင်းနှီး မြှုပ်နှံမှုတန်ဖိုး ဘတ် ၂၄.၈ ဘီလီယံဖြင့် စီမံကိန်း ၄၂ ခု)၊ တရုတ်(ရင်းနှီး မြှုပ်နှံမှုတန်ဖိုး ဘတ် ၁၃.၉ ဘီလီယံဖြင့် စီမံကိန်း ၃၈ ခု)၊ စင်ကာပူ (ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၈.၀၄ ဘီလီယံဖြင့် စီမံကိန်း ၁၅ ခု)နှင့် အခြား(ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၁၆.၁ ဘီလီယံဖြင့် စီမံကိန်း ၆၃ ခု) ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ လက်ကားကုန်သွယ်မှု၊ ပလတ်စတစ်ထုတ်ကုန်အတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဝန်ဆောင်မှု၊ အချက်အလက်စင်တာဝန်ဆောင်မှုများ၊ ဒီဂျစ်တယ်ပလက်ဖောင်းဖွံ့ဖြိုးတိုးတက်မှုဝန်ဆောင်မှုနှင့် Contract ထုတ်လုပ်ရေးဝန်ဆောင်မှုများဖြစ်ကြောင်း Mr. Anukul က ပြောကြားခဲ့ပါသည်။

အမေရိကန်၏အပြန်အလှန်အခွန်၊ ထိုင်းနိုင်ငံ၏ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများအပေါ် သက်ရောက်မှုများနှင့် ကမ္ဘောဒီးယားနှင့် နယ်စပ်တင်းမာမှုများရှိနေသော်လည်း ထိုင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် ယုံကြည် ပေးကြသော ရင်းနှီးမြှုပ်နှံသူများကို အစိုးရအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ မက်လုံးပေးအစီအစဉ်များကိုလည်း တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဟု ကတိပြုပါကြောင်း၊ FBA သည် ထိုင်းနိုင်ငံ၌ လုပ်ငန်း လည်ပတ်နေသော နိုင်ငံခြားသားများကို ကြီးကြပ်ကွပ်ကဲရန်ဖြစ်ပါကြောင်း၊ နိုင်ငံခြားသားဆိုသည်မှာ ထိုင်းနိုင်ငံသားမဟုတ်ဘဲ ထိုင်းနိုင်ငံ၌ ဥပဒေအရမှတ်ပုံတင်ထားသည့် နိုင်ငံခြားပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းထက် များသူဖြစ်ကြောင်း၊ ဥပဒေအရ လုပ်ငန်းများကို အမျိုးအစား ၃ မျိုးခွဲခြားထားပါကြောင်း၊ အမျိုးအစား (၁)တွင် မီဒီယာနှင့် စိုက်ပျိုးရေးဖြစ်ပြီး နိုင်ငံခြားသားအတွက် တင်းကျပ်စွာကန့်သတ်ထားပါကြောင်း၊ အမျိုးအစား(၂)တွင် ပြည်တွင်းရေသယ်ယူပို့ဆောင်ရေးနှင့် လက်နက်ထုတ်လုပ်သည့်လုပ်ငန်းများကဲ့သို့သော အစိုးရအဖွဲ့ခွင့်ပြုချက် ရယူရန်လိုအပ်သည့် နိုင်ငံတော်လုံခြုံရေး၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်သောလုပ်ငန်းများ၊ အမျိုးအစား(၃)တွင် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံမှ ခွင့်ပြုချက်လိုအပ်ပြီး ကော်မတီမှ အတည်ပြုချက်လိုအပ်သော လက်လီ /လက်ကား၊ ကြော်ငြာလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် ထုတ်လုပ်ရေးကဲ့သို့သော ထိုင်းလူမျိုးများယှဉ်ပြိုင်ရန်အဆင်သင့်မဖြစ်သေးသည့် လုပ်ငန်းများပါဝင်ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News