ဂျာမနီနိုင်ငံပိုင်ရထားလမ်းကွန်ရက်ဖြစ်သော Deutsche Bahn(DB)၏ အမှုဆောင်အရာရှိချုပ်သည် ရထားလမ်းလုပ်ငန်းလည်ပတ်နေမှုနှင့်စပ်လျဉ်းသည့် စီးပွားရေး၊ အခြေခံအဆောက်အအုံနှင့် ရထားအချိန် မှန်ကန်တိကျမှုအားနည်းခြင်းဆိုင်ရာ အကျပ်အတည်းများကြောင့် ၁၄- ၈-၂၀၂၅ ရက်တွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရကြောင်း သိရှိရပါသည်။
ဘဏ္ဍာရေးညွှန်ကြားရေးမှူးအဖြစ် (၇)နှစ်ကြာဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနစ်မှစတင်၍ DB ကို ဦးဆောင်မှုပြုလာခဲ့သော Mr. Richard Lutz ၏ အလုပ်စာချုပ်မှာ လာမည့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိနေဆဲဖြစ်သော်လည်း သက်တမ်းမကုန်မီရပ်နားခံခဲ့ရကြောင်း၊ ဂျာမန်ပို့ဆောင်ရေးဝန်ကြီး Mr. Patrick Schnieder က ရထားပြေးဆွဲမှုလုပ်ငန်းများ အခက်အခဲဖြစ်နေချိန်တွင် Dr. Lutz အနေဖြင့် တတ်စွမ်းသမျှကြိုးပမ်းအားထုတ်ခဲ့မှုအပေါ် အသိမှတ်ပြုကျေးဇူးတင်ရှိပါကြောင်းနှင့်ကျန်ရှိနေသည့်ရက်သတ္တပတ်များ၌ ရထားလမ်းအတွက် သူတတ်နိုင်သမျှဆက်လက်လုပ်ဆောင်သွားမည်မှာ သေချာပါကြောင်း၊ DB ၏ ပြောရေး ဆိုခွင့်ရှိသူကလည်း DB အတွက် အမှုဆောင်အရာရှိချုပ်အသစ်ခန့်အပ်သည့်အချိန်အထိ Dr. Lutz မှာ ၎င်း၏မူလရာထူးဖြင့်ပင် DB ကို ဆက်လက်စောင့်ရှောက်တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း အသီးသီးပြောကြားခဲ့ကြပါသည်။
တစ်ချိန်က စွမ်းဆောင်ရည်နှင့် ယုံကြည်စိတ်ချရမှုတို့အတွက် နာမည် ကောင်းဖြင့်ကျော်ကြားခဲ့သော ဂျာမန်အစိုးရမှ ရာနှုန်းပြည့်ပိုင်ဆိုင်သည့် ပူးတွဲစတော့ရှယ်ယာကုမ္ပဏီ Deutsche Bahn သည် မကြာသေးမီနှစ်များအတွင်းတွင် ရထားအချိန်မမှန်ကန်မှုကြောင့် ၎င်း၏ဂုဏ်သိက္ခာကျဆင်းခဲ့ရပါသည်။
ဂျာမန်ခရီးဝေးသွားရထားများ၏ အချိန်တိကျမှုသည် ၂၀၁၇ ခုနှစ်တွင် ၇၈.၅ ရာခိုင်နှုန်းရှိခဲ့ရာမှ Mr. Lutz ၏လက်ထက် ယမန်နှစ်က ၆၂.၅ ရာခိုင်နှုန်းသို့ကျဆင်းသွားခဲ့ကြောင်း၊ ခရီးစဉ်များ၏ သုံးပုံတစ်ပုံကျော် သည် ဆိုက်ရောက်ချိန်နောက်ကျခဲ့ပါကြောင်း၊ မူလဆိုက်ရောက်ချိန်မှ (၆) မိနစ်ထက် ပိုမိုနောက်ကျခဲ့သော ရထားစီးခရီးသည်များအား DB မှ လျော်ကြေးများပေးခဲ့ရသည်ဖြစ်ရာ ၂၀၂၄ ခုနှစ်တွင် ယူရိုသန်း(၂၀၀) နီးပါးခန့်လျော်ကြေးပေးခဲ့ရပါကြောင်း၊ လက်မှတ်စျေးနှုန်းများ တိုးမြှင့်ကောက်ခံလာသော်လည်း DB အနေဖြင့် နှစ်စဉ်အရှုံးပေါ်နေဆဲဖြစ် ကြောင်း၊ ဂျာမန်ရထားယာဉ်မောင်းများသမဂ္ဂ(GDL)သည် Mr. Lutz ထုတ်ပယ်ခံရသည်ကို ထောက်ခံကြိုဆိုကြောင်းနှင့် Deutsche Bahn အနေဖြင့် လက်ရှိအချိန်တွင် အကျပ်အတည်းများနှင့် ဆိုးရွားစွာရင်ဆိုင်နေရခြင်းမှာ နှစ်ပေါင်းများစွာကတည်းက ဖြစ်တည်ခဲ့သော စီမံခန့်ခွဲမှုအလွဲအမှားများ၏ အကျိုးဆက်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ GDL ၏ဥက္ကဋ္ဌဖြစ်သူ Mario Reiss ကလည်း ယခုဆုံးဖြတ်ချက်မှာ မှန်ကန်ပါကြောင်းနှင့် မလွှဲမသွေဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။
မေလတွင် ဂျာမန်ဝန်ကြီးချုပ် Mr. Friedrich Merz ၏ အစိုးရအသစ်တက်လာပြီးကတည်းက Mr. Lutz ၏ဆောင်ရွက်ချက်များအပေါ် ပြန်လည်သုံးသပ်ပြီး DB ၏စီမံခန့်ခွဲမှုကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း၍ နိုင်ငံ၏သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ခေတ်မီအောင် ပြုလုပ်သွားမည်ဟု ကတိပြုခဲ့ပါသည်။
ဝန်ကြီး Mr. Schnieder ကလည်း လာမည့်စက်တင်ဘာလ ၂၂ ရက်တွင် မဟာဗျူဟာအသစ်တစ်ခုကို စတင်မိတ်ဆက်မည်ဟု ကြေညာခြင်းဖြင့် အပြောင်းအလဲတစ်ခုကို စတင်ခဲ့ပြီဖြစ်ကြောင်း၊ ရထားစီးခရီးသွားများအတွက် အချိန်တိကျမှန်ကန်မှုနှင့် စိတ်ကျေနပ်မှုကိုရရှိစေပြီး၊ DB အတွက် စီးပွားရေးစွမ်းဆောင်မှုကောင်းစေမည့် အမှုဆောင်အရာရှိချုပ်အသစ်တစ်ဦး မကြာမီရောက်ရှိလာမည်မှာ သေချာပါကြောင်းနှင့် ၎င်းအနေဖြင့် အစိုးရ၏အယူအဆကို အခြေခံအားဖြင့် သဘောတူထားပြီးဖြစ်သော်လည်း DB ကိုဆက်ခံမည့် အမှုဆောင်အရာရှိချုပ်အသစ်ခန့်အပ်ရန်ကိစ္စကိုမူ အချိန်ယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ယခုကာလအတောအတွင်း Mr. Lutz ၏ ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းစဉ်များကို နိုင်ငံတဝှမ်းရှိ ရထားလမ်းကြောင်းချိတ်ဆက်မှု(၄၀) ခန့်တွင် ပြုလုပ်ဆောင်ရွက်နေဆဲဖြစ်ကြောင်းနှင့် ဂျာမနီနိုင်ငံ၏ အကြီးဆုံးမြို့ကြီးနှစ်မြို့ဖြစ်သည့် ဘာလင်နှင့် ဟမ်းဘတ်အကြား ရထားလမ်းကြောင်းမှာ လပေါင်းများစွာကြာမြင့်မည့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများလုပ်ဆောင်နေသောကြောင့် ယင်းလမ်းကြောင်းကို ပိတ်ထားဆဲဖြစ်ကြောင်း သိရှိရပါသည်။
Source: https://www.dw.com/en/germany-end-of-the-line-for-deutsche-bahn-railway-chief/a-73644328
(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)