International News

ဒေသတွင်းကုန်သွယ်ရေးစည်းမျဉ်းများဖော်ဆောင်ရာတွင် စင်ကာပူနိုင်ငံသည် “ယုံကြည်စိတ်ချရသော မိတ်ဖက်”ဖြစ်ကြောင်း ဗြိတိန်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ပြောကြား

Last Updated:

ပေါ်ထွန်းဆဲနည်းပညာများအတွက် စွန့်ဦးရင်းနှီးမြှုပ်နှံမှု(Venture Capital)နှင့် အခြေခံအဆောက်အအုံကဏ္ဍများကဲ့သို့သော ဦးစားပေးကဏ္ဍများတွင် စင်ကာပူရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုမှာ မြင့်တက်လျက်ရှိကြောင်းနှင့် စင်ကာပူနိုင်ငံသည် အရှေ့တောင်အာရှ၏ အဓိကအချက်အချာကျသော ဗဟိုချက်နှင့် တံခါးပေါက်ဖြစ်သော ကြောင့် ဗြိတိန်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့၏ မိတ်ဖက်ဆက်ဆံရေးမှာ ဗြိတိန်အတွက် မဟာဗျူဟာမြောက်အရေးအပါဆုံးသော ဆက်ဆံရေးများထဲမှတစ်ခုဖြစ်ကြောင်း ဗြိတိန်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Jason Stockwood က ၎င်း၏ စင်ကာပူနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့ပါသည်။

ဗြိတိန်နိုင်ငံမှ အရှေ့တောင်အာရှသို့ တင်ပို့သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းနီးပါးမှာ စင်ကာပူနိုင်ငံမှတစ်ဆင့် တင်ပို့နေခြင်းဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှသည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက်အကြီးဆုံးစီးပွားရေးဗဟိုချက်ဖြစ်သည်နှင့်အညီ ဗြိတိန်နိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် နှစ်နိုင်ငံဆက်ဆံရေးသည် အလွန်အရေးကြီးပါကြောင်း၊ ထိုဆက်ဆံရေးကို လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်နှင့် အစိမ်းရောင်စီးပွားရေးဆိုင်ရာမူဘောင်(Green Economy Framework)ကဲ့သို့သော ခေတ်မီသဘောတူညီချက်များဖြင့် ခိုင်မာစွာအခြေခံထားခြင်းဖြစ်ကြောင်း ဖော်ပြထားပါ သည်။

ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Jason Stockwood သည် ၎င်း၏ခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံ၏ အိမ်ခြံမြေကဏ္ဍ၊ အခြေခံအဆောက်အအုံကဏ္ဍနှင့်စွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များနှင့်လည်းကောင်း၊ ကုန်သွယ်ရေးဆက်ဆံမှုဆိုင်ရာ တာဝန်ခံဝန်ကြီးနှင့်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး Ms. Grace Fu နှင့်လည်းကောင်းတွေ့ဆုံခဲ့ပြီး ဗြိတိန်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့အကြား ခိုင်မာအားကောင်းသည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကိုကြိုဆိုကြောင်း ပြောကြားခဲ့ကာ ကွန်တမ်ကွန်ပျူ တာနည်းပညာ(Quantum Computing)အပါအဝင် အသစ်ပေါ်ထွန်းဆဲ နည်းပညာများ၊ စက်မှုကဏ္ဍနှင့် အစိုးရအဖွဲ့အစည်းအတွင်း ဉာဏ်ရည်တု(AI)နည်းပညာကို အသုံးပြုခြင်းဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

ဗြိတိန်နိုင်ငံအနေဖြင့် စင်ကာပူနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံး ဥရောပနိုင်ငံဖြစ်သကဲ့သို့ စင်ကာပူနိုင်ငံသည်လည်း ဗြိတိန်နိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုဒုတိယအများဆုံးအာရှနိုင်ငံဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်ကုန်ပိုင်း အထိ ဗြိတိန်နိုင်ငံတွင် ၎င်း၏နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)နှင့် ငွေကြေးဆိုင်ရာရင်းနှီးမြှုပ်နှံမှု(Portfolio Investment)ပမာဏ စုစုပေါင်းစတာလင်ပေါင် ၃၄၀ ဘီလီယံ(စင်ကာပူဒေါ်လာ ၅၈၀ ဒသမ ၁ ဘီလီယံ)ခန့်ရှိ၍ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော သန့်ရှင်းသည့်စွမ်းအင်ကဏ္ဍ၊ အခြေခံအဆောက်အုံကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပါသည်။

ဗြိတိန်နိုင်ငံသည် လာမည့် ၁၀ နှစ်ကျော်ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုများရေရှည်တည်ငြိမ်မှုနှင့် သေချာခိုင်မာမှုရရှိစေရန် ရည်ရွယ်သည့် ခေတ်မီစက်မှုကဏ္ဍဆိုင်ရာ မဟာဗျူဟာသစ်(New Modern Industrial Strategy)ကို ၂၀၂၅ ခုနှစ်၊ ဇွန်လမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရင်းနှီးမြှုပ်နှံမှုပမာဏပေါင်စတာလင် ၃၆၀ ဘီလီယံခန့်ကို ဖိတ်ခေါ်နိုင်ခဲ့ပြီး အလုပ်အကိုင်စုစုပေါင်း ၁၂၀,၀၀၀ ကို ကူညီထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ စင်ကာပူရင်းနှီးမြှုပ်နှံသူများကြုံတွေ့နိုင်သောအခက်အခဲများကို အလားတူ ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ရင်းမြစ်။        The Business Times သတင်းစာ

(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News