International News

အမေရိကန်-တရုတ် ကုန်သွယ်ရေးအပေးအယူညှိနှိုင်းမှု လက်မှတ်ရေးထိုးခဲ့

Last Updated:

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးအပေးအယူညှိနှိုင်းမှု(Trade Deal)ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်ဟု ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် ပြောကြားခဲ့ပြီး တရုတ်နိုင်ငံကလည်း ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် အမေရိကန်နှင့် လက်မှတ်ရေးထိုးခဲ့သည့် ကုန်သွယ်ရေးသဘောတူညီချက်မူဘောင် (Trade framework)ပါအချက်အလက်များကို  ထုတ်ပြန်ခဲ့ပါကြောင်း သတင်းဖော်ပြချက်များအရ သိရှိရပါသည်။

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး(Commerce Secretary) Mr. Howard Lutnick က တရုတ်နိုင်ငံက မြေရှားသတ္တုများတင်ပို့မှုစတင်သည်နှင့်တစ်ပြိုင်နက် အမေရိကန်နိုင်ငံကလည်း ပို့ကုန်ကန့်သတ် မှုကိုဖြေလျှော့ပေးသွားမည်ဟု Bloomberg News သတင်းဌာနသို့ ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက “အမေရိကန်နိုင်ငံနှင့် သဘောတူညီချက်မူဘောင်တွင် တရုတ်နိုင်ငံမှအမေရိကန်နိုင်ငံသို့ အရေးပါသည့်တွင်းထွက်သတ္တုများ(Critical minerals)တင်ပို့မှုကိုအရှိန်မြှင့်ဆောင်ရွက်သွားရန်နှင့် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံအပေါ်ပို့ကုန်ကန့်သတ်မှု(Export control)ချမှတ်ထားခြင်းကို ဖြေလျှော့ ပေးရန်”တို့ပါဝင်မည်ဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံသို့ ကန့်သတ်ပို့ကုန်များ(Exports of controlled items)တင်ပို့မှုကို တရုတ်နိုင်ငံအနေဖြင့် စိစစ်ခွင့်ပြုသွားမည်ဟု ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်နှင့်တရုတ်တို့သည် ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ တွင် ၂၀၂၅ ခုနှစ်၊ မေလ၌ ပထမအကြိမ်ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအပြန်အလှန်ချမှတ်ခဲ့သည့် သွင်းကုန်ခွန်များကို ဖြေလျှော့ပေးခဲ့ကြပါကြောင်း၊ သို့ရာတွင် တရုတ်နိုင်ငံက အဆင့်မြင့်နည်းပညာများဖြစ်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ စက်ရုပ်နှင့် လေယာဉ်များထုတ်လုပ်ရာတွင် အသုံးပြုသော မြေရှားသတ္တုများကို အမေရိကန်သို့ တင်ပို့မှုနှေးကွေးခဲ့ပြီးနောက် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံသို့ အီသိန်း(Ethane)၊ ဂျက်လေယာဉ်စက်ပစ္စည်းများနှင့် ချစ်ပ်(Chips)တင်ပို့မှုကိုလျှော့ချ၍ တုံ့ပြန်ခဲ့ရာ နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးပြန်လည်တင်းမာခဲ့ပါကြောင်း၊ ထို့နောက်တွင် သမ္မတဒေါ်နယ်ထရမ့်နှင့် သမ္မတ ရှီကျင့်ဖျင်တို့ တယ်လီဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ပြီးနောက် ဒုတိယအကြိမ်ကုန်သွယ်ရေးဆွေးနွေးမှုကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်မှ ၁၀ ရက်အထိပြုလုပ်ခဲ့၍ ကုန်သွယ်ရေးမူဘောင်ကို ဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။

ဒုတိယအကြိမ် အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးဆွေးနွေးမှုနောက် ပိုင်းတွင် နှစ်နိုင်ငံအကြား မပြတ်ဆက်သွယ်မှုများရှိခဲ့ကြောင်း၊ အမေရိကန်နှင့်တရုတ်တို့အကြား ပို့ကုန်ကန့်သတ်မှုဖြေလျှော့ခြင်းကို ချောမွေ့စွာလုပ်ဆောင်နိုင်ပါက အမေရိကန်ပို့ကုန်များကို တရုတ်နိုင်ငံက ပိုမိုဝယ်ယူခြင်းနှင့် ယခုထက်ပို၍ အမေရိကန်ကုမ္ပဏီများအား တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့် စသည်တို့နှင့်ပတ်သက်၍ နှစ်နိုင်ငံအကြားကုန်သွယ်ရေးဆွေးနွေးမှုများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း သိရှိရ ပါသည်။

Source: The New York Times

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News