အိန္ဒိယနိုင်ငံအတွင်းရှိ ပြည်နယ်အသီးသီးတွင် မိုးရွာသွန်းမှုမမျှတမှုကြောင့် မကြာခင်ကာလအတွင်း အဓိကသီးနှံများ၏ဈေးကွက်အတွင်းရရှိနိုင်မှုကျဆင်းလာပြီး ဈေးနှုန်းများတက်လာနိုင်ကြောင်း ICICI ဘဏ်၏အစီရင်ခံစာအရ သိရသည်။
မိုးရွာသွန်းမှုနည်းပါးသည့်ဒေသအချို့တွင် သီးနှံပျက်စီးမှုကြောင့် ဈေးနှုန်းများမြင့်တက်လာနိုင်ပါကြောင်း၊ပြည်နယ်အများအပြားတွင်မိုးရွာသွန်းမှုပိုလျှံနေပါကြောင်း၊ ရာဂျစ်စတန်ပြည်နယ်သည် ပျမ်းမျှမိုးရေချိန်(Long Period Average-LPA)ထက် ၁၁၈ ရာခိုင်နှုန်း၊ မဒရာပရာဒေ့ရှ်ပြည်နယ်သည် LPA ထက် ၅၇ ရာခိုင်နှုန်း ၊ ဂူဂျာရတ်ပြည်နယ်သည် LPA ထက် ၄၈ ရာခိုင်နှုန်း၊ ဟာရာနပြည်နယ်သည် LPA ထက် ၂၄ ရာခိုင်နှုန်းပိုမိုရရှိခဲ့ကြောင်းနှင့် ကာနတာကပြည်နယ်(LPA အထက် ၈ ရာခိုင် နှုန်း)၊ အနောက်ဘင်္ဂလားပြည်နယ်(LPA ထက် ၄ ရာခိုင်နှုန်း)နှင့် Chhattisgarh ပြည်နယ် (LPA အထက် ၃ ရာခိုင်နှုန်း)တို့သည် ပုံမှန်မိုးရေချိန်ရရှိခဲ့ကြကြောင်းနှင့် မိုးရွာသွန်းမှုမညီမျှမှုများကြောင့် သီးနှံပျက်စီးမှုရှိသော ဒေသများတွင် ထုတ်လုပ်သည့်အဓိကကောက်ပဲသီးနှံများ၏ဈေးနှုန်းများ မကြာမီကာလတွင် မြင့်တက်မှုများရှိလာနိုင်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားပါသည်။
အခြားတစ်ဖက်တွင်မိုးရွာသွန်းမှုသည် ဘီဟာပြည်နယ်(LPA အောက် ၄၂ ရာခိုင် နှုန်း)၊ တီလန်ဂနာပြည်နယ်(LPA အောက် ၂၂ ရာခိုင်နှုန်း)၊ အင်ဒရာပရာဒေ့ရှ်ပြည်နယ်(LPA အောက် ၁၅ ရာခိုင်နှုန်း)၊ တမီးလ်နာဒူးပြည်နယ်(LPA အောက် ၆ ရာခိုင်နှုန်း)၊ မဟာရက်ရှ်ထရာပြည်နယ်(LPA အောက် ၃ ရာခိုင်နှုန်း)၊ ပန်ဂျတ်ပြည် နယ်(LPA အောက်တွင် ၂ ရာခိုင်နှုန်း)နှင့် ဥတ္တာပရာဒေ့ရှ်ပြည်နယ်(LPA အောက် ၂ ရာခိုင်နှုန်း)သာရှိခဲ့ကြောင်းသိရှိရသည်။
မိုးရွာသွန်းမှုမှာ မျှတမှုမရှိသော်လည်း မိုးရာသီသီးနှံစိုက်ပျိုးမှုမှာ ကောင်းမွန်သည့်အခြေအနေတွင်ရှိကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ ပုံမှန်စိုက်ပျိုးမှုလျာ ထားချက် ဟက်တာ ၁၀၉ ဒသမ ၇ သန်း အနက် ဟက်တာ ၇၀ ဒသမ ၈ သန်းကို စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း၊ ယခင်နှစ် အလားတူကာလက စိုက်ပျိုးထားရှိနိုင်မှု ဟက်တာ ၆၈ သန်းနှင့်နှိုင်းယှဉ်ပါက ပိုမိုစိုက်ပျိုးထားရှိနိုင်သည်ကိုတွေ့ရှိရကြောင်း နှင့် ပြီးခဲ့သည့်ရက်သတ္တပတ်တစ်ခုတည်းတွင်ပင် စိုက်ပျိုးမှုဧရိယာသည် ဟက်တာ ၅၉ ဒသမ ၈ သန်းရှိခဲ့ကြောင်း သိရှိရသည်။
ဇူလိုင်လ ၂၁ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၏ စုစုပေါင်းမိုးရေချိန်သည် ၃၇၄ မီလီမီတာရှိပြီး ယင်းသည် ပျမ်းမျှမိုးရေချိန်ထက် ၆ ရာခိုင်နှုန်းပိုမိုများပြားပါကြောင်း၊သို့သော် လည်း ယင်းသည် နိုင်ငံ၏အလယ်ပိုင်းနှင့် အရှေ့မြောက်ဒေသများတွင် မိုးရွာသွန်းမှုလျော့နည်းခြင်းကြောင့် ပြီးခဲ့သောသီတင်းပတ်တွင် စံချိန်တင်ထားသော ၉ ရာခိုင် နှုန်းမှ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။
မိုးရာသီစိုက်ပျိုးမှုမှာ ကောင်းမွန်စွာဖြစ်ထွန်းနေသော်လည်း မိုးရွာသွန်းမှုမညီမျှမှုများကြောင့် မိုးရှားပါးသောဒေသများတွင် သီးနှံအထွက်နှုန်းကို ထိခိုက်စေနိုင်ပြီး မဝေးတော့သောကာလတွင် သီးနှံများရောင်းလိုအားကျဆင်းလာပြီး ဈေးနှုန်းများအပေါ် ဖိအားများဖြစ်ပေါ်လာနိုင်သည်ဟု အစီရင်ခံစာတွင် အကြံပြုထားသည်ကို တွေ့ရှိရပါသည်။
Source: Get ready for supply shock in crop prices after uneven rainfall distribution: ICICI Bank, The Economic Times, July 23, 2025.
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)