အိန္ဒိယနှင့်ယူကေတို့သည် ယခုအခါတွင် လက်ရှိဈေးကွက်တန်ဖိုး ၅၆ ဘီလီယံဒေါ်လာမှ ၂၀၃၀ ခုနှစ်တွင် ကုန်သွယ်မှုစုစုပေါင်းကို ၁၀၀ ဘီလီယံဒေါ်လာကျော်အထိ နှစ်ဆဖြစ်အောင်ရည်ရွယ်သည့် ဘက်စုံစီးပွားရေးနှင့်ကုန်သွယ်မှုသဘောတူညီချက်(Comprehensive Economic and Trade Agreement-CETA)ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုသဘောတူညီမှုသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အခွန်တိုးမြှင့်မှုများကြောင့် ကမ္ဘာတစ်ဝှမ်းအတိုင်းအတာဖြင့် ဖြစ်ပေါ်လာသောမတည်မြဲမှုကြားတွင် မိုးဒီအစိုးရက မျှော်လင့်ထားသည့် အဓိကသဘောတူညီချက်တချို့အနက် ပထမဆုံးတစ်ခုဖြစ်ကြောင်း၊ အမေရိကန်နှင့်အိန္ဒိယအကြား နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေးသဘောတူညီမှုတစ်ရပ်ကိုလည်းရရှိရန် နီးစပ်နေပြီဖြစ် ကြောင်း သိရှိရသည်။
ယူကေနှင့်ချုပ်ဆိုသည့် CETA သဘောတူညီမှုသည် အိန္ဒိယအတွက် တစ်နိုင်ငံချင်းစီနှင့်ချုပ်ဆိုထားသော ဆယ့်ခြောက်ခုမြောက်ကူးသန်းရောင်းဝယ်ရေးသဘောတူညီမှုဖြစ်ပြီး၊ ဤသဘောတူညီမှုအရ ဗြိတိန်ဈေးကွက်တွင် သားရေ၊ ဖိနပ်နှင့် အဝတ် အထည်ကဲ့သို့ လုပ်သားအင်အားအများအပြားလိုအပ်သည့် ထုတ်ကုန်များအပေါ် အခွန်အခများဖယ်ရှားသွားနိုင်မည်ဖြစ်ပြီး စုစုပေါင်းအားဖြင့် ၂၃ ဘီလီယံဒေါ်လာကျော် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ ထိုနည်းတူပင် ဗြိတိန်မှ ဝီစကီနှင့်ကားများကိုလည်း အိန္ဒိယတွင် ပိုမိုဈေးချိုသာစွာ ဝယ်ယူနိုင်လာမည်ဖြစ်ကြောင်း သိရှိရသည်။
ကမ္ဘာ့စတုတ္ထနှင့် ဆဋ္ဌမအကြီးဆုံး စီးပွားရေးနိုင်ငံများကြား သဘောတူညီချက်ကို ဝန်ကြီးချုပ် Narendra Modi နှင့် ၎င်း၏ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer တို့ ၃ နှစ်ကြာညှိနှိုင်းပြီးနောက် Trump ဦးဆောင်သော အခွန်စည်းကြပ်မှုမသေချာမရေ ရာမှုများကြားတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အဆိုပါသဘောတူညီချက်သည်အသက်မဝင်မီ ဗြိတိန်ပါလီမန်၏အတည်ပြုချက် လိုအပ်မည်ဖြစ်ရာ တစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
ဤသဘောတူညီမှုသည် Brexit အပြီး ငါးနှစ်ကြာပြီးနောက်တွင် ကမ္ဘာ့အမြန်ဆုံးတိုးတက်လာသောစီးပွားရေးနိုင်ငံဖြစ်သည့် အိန္ဒိယနှင့်ပိုမိုကျယ်ပြန့်သော ဈေး ကွက်ဝင်ရောက်မှုအခွင့်အလမ်းများရရှိနိုင်မည်ဖြစ်သောကြောင့် ဗြိတိန်နိုင်ငံအတွက် အလွန်အရေးကြီးသော သဘောတူညီမှုတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထား သည်ကို တွေ့ရှိရသည်။
သဘောတူညီချက်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် အိန္ဒိယသည် ဗြိတိန်မှ Scotch ဝီစကီနှင့် ဂျင်တို့အပေါ် တင်သွင်းခွန်ကို လက်ရှိ ၁၅၀ ရာခိုင်နှုန်းမှ ကနဦး ၇၅ ရာခိုင်နှုန်းနှင့် ၁၀ နှစ်အတွင်း ၄၀ ရာခိုင်နှုန်းသို့လျှော့ချရမည်ဖြစ်သည်။ မော်တော် ကားတင်သွင်းမှုအပေါ် စည်းကြပ်ခွန်သည် နှစ်ဖက်စလုံးမှ ကိုတာစနစ်အောက်တွင် ၁၀၀% ကျော်မှ ၁၀% သို့ လျှော့ချပေးရမည်ဖြစ်သည်။ အိန္ဒိယထုတ်လုပ်သူများ သည် ကိုတာစနစ်အရ လျှပ်စစ်နှင့်ဟိုက်ဘရစ်ကားများအတွက် UK စျေးကွက်သို့ ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
“အိန္ဒိယနှင့် ယူကေတို့အကြား စီးပွားရေးမိတ်ဖက်ဆက်ဆံရေးအား ယနေ့မှစ၍ စတင်လိုက်ပြီဖြစ်ကြောင်း၊“Comprehensive Economic and Trade Agreement (CETA)ကိုလက်မှတ်ရေးထိုးခြင်းသည် ကူးသန်းရောင်းဝယ်မှုတိုးတက်စေရန်၊ တန်း တူပါဝင်မှုရှိသောဖွံ့ဖြိုးတိုးတက်မှုကို ရရှိရန်နှင့် တောင်သူများ၊ အမျိုးသမီးများ၊ လူငယ်များ၊ အသေးစားအလတ်စားလုပ်ငန်းများ(MSMEs)နှင့် ပညာရှင်များအတွက် အခွင့်အလမ်းများဖန်တီးရန် အတူတကွကတိကဝတ်ပြုထားမှုကို ပြသနေသည်”ဟု ဝန်ကြီးချုပ်မိုဒီက လူမှုမီဒီယာ X ပေါ်တွင်ရေးသားခဲ့သည်။
၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယမှ ယူကေသို့ တင်ပို့မှုသည် ၁၂.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၁၄.၅ ဘီလီယံဒေါ်လာသို့ရောက်ရှိခဲ့ကြောင်း၊ ယူကေမှ အိန္ဒိယသို့ တင်သွင်းမှုမှာ ၂.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီ ၈.၆ ဘီလီယံဒေါ်လာရရှိခဲ့ကြောင်း၊ အိန္ဒိယက ဗြိတိန်ပစ္စည်းများအပေါ် အခွန်ကောက်ခံမှုကို ယခင် ၁၅ ရာခိုင်နှုန်းမှ ၃ ရာခိုင် နှုန်းသို့ လျှော့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဝန်ကြီးချုပ်မိုဒီက “အိန္ဒိယ–ယူကေ CETA သဘောတူညီမှုသည် ‘Make in India’ မူဝါဒအောက်ရှိ ဖွံ့ဖြိုးတိုးတက်မှုနှင့် တင်ပို့မှုမြှင့်တင်ရေးအတွက် အရှိန်အဟုန်ကိုရရှိစေမည်ဖြစ်ကြောင်း၊ ဤသဘောတူညီမှုကြောင့် အိန္ဒိယပြည်သူများအတွက် အရည်အသွေးမြင့်ပြီး ယှဉ်ပြိုင်နိုင်သောဈေးနှုန်းဖြင့် ပစ္စည်းများကိုဝယ်ယူနိုင်လာမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ပိုမိုသာယာဝပြောသော စီးပွားရေးတိုးတက်မှု နှင့် အိန္ဒိယနှင့်ယူကေနိုင်ငံအကြား ပိုမိုနက်ရှိုင်းသောဆက်ဆံရေးရှိလာမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ်မှစတင်၍ အိန္ဒိယနိုင်ငံသည် Mauritius၊ UAE၊ Australia၊ EFTA နှင့် UK တို့နှင့်အတူ ကုန်သွယ်ရေးသဘောတူစာချုပ်(၅)ခုကို လက်မှတ်ရေးထိုးခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ်Starmer က ယခုသဘောတူညီချက်သည် နှစ်နိုင်ငံစလုံးအတွက် ကြီးမားသောအကျိုးခံစားခွင့်များကို ယူဆောင်လာမည်ဖြစ်ပြီး ကုန်သွယ်မှုကို စျေးသက်သာ၊ မြန်ဆန်ပြီး ပိုမိုလွယ်ကူစေမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ အဆိုပါသဘောတူညီချက်ကို အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီး Piyush Goyal နှင့်ယူကေ၏ စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာဝန်ကြီး Jonathan Reynolds တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့ပြင် ထပ်မံသက်တမ်းတိုးထားသည့် ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး UK-India Vision 2035 ကိုလည်း အသိပေးထုတ်ပြန်ခဲ့သည်။
နှစ်နိုင်ငံအကြား တစ်နှစ်လျှင် ပေါင် ၂၅.၅ ဘီလီယံအထိ ကူးသန်းရောင်းဝယ်မှုတိုးတက်လာနိုင်သည်ဟုခန့်မှန်းထားသည့် ဤကူးသန်းရောင်းဝယ်ရေးသဘောတူညီမှုသည် အိန္ဒိယအတွက် ပြီးပြည့်စုံမှုအရှိဆုံးသဘောတူညီမှုဖြစ်သည့်အပြင်၊ ဥရောပသမဂ္ဂမှထွက်ခွာပြီးနောက် ယူကေနိုင်ငံအတွက် စီးပွားရေးအနေဖြင့် အရေး ကြီးဆုံးသဘောတူညီမှုတစ်ခုလည်းဖြစ်သည်ဟု ယူကေအစိုးရထုတ်ပြန်ကြေညာ ချက်တွင်ဖော်ပြထားသည်။ ထို့အပြင် ယင်းသဘောတူညီမှုသည် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများအတွက် ဈေးကွက်ဝင်ရောက်ခွင့်ကို ထူးခြားစွာတိုးတက်စေမည်ဖြစ်ပြီး၊ သုံးစွဲသူများအတွက် ပစ္စည်းများနှင့် ဝန်ဆောင်မှုဈေးနှုန်းများသက်သာလာစေနိုင်မည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။ နှစ်ဖက်စလုံးသည် ယခုနှစ် မေလ ၆ ရက်တွင် လွတ်လပ်သောကူးသန်းရောင်းဝယ်ရေးသဘောတူညီမှု(FTA)ဆွေးနွေးမှုများအပြီးသတ်ကြောင်း ကြေညာခဲ့သည်။
အိန္ဒိယ၏ အကျိုးအမြတ်များ
အိန္ဒိယအစိုးရက ယခုသဘောတူညီချက်တွင် စိုက်ပျိုးရေးနှင့် စားသောက်ကုန်များ ၏ ၉၅ ရာခိုင်နှုန်းကို အခွန်ကင်းလွတ်ခွင့်ရရှိစေပြီး ကုန်သွယ်ရေးသဘောတူညီချက်တွင် နို့ထွက်ပစ္စည်း၊ စားသုံးဆီ၊ ဂျုံနှင့် ပန်းသီးများမပါဝင်ဘဲ ပြည်တွင်းတောင်သူများ၏အကျိုးစီးပွားကို ကာကွယ်ထားသည်ဟု ပြောကြားခဲ့သည်။
ကုန်သွယ်ရေးဝန်ကြီးဂိုရယ်က ယခုလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီမှု သည် တောင်သူများ၊ လက်မှုပညာရှင်များ၊ အလုပ်သမားများ၊ အသေးစားအလတ် စားလုပ်ငန်းများ(MSMEs)၊ အစပျိုးလုပ်ငန်းများ(startups)နှင့် တီထွင်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် တန်းတူပါဝင်မှုရှိသော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိလာစေမည်ဖြစ်ပြီး၊ အိန္ဒိယ၏ အဓိကအကျိုးစီးပွားများကိုလည်း ထိခိုက်စေခြင်းမရှိဘဲ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် ရှေ့ဆက်တိုးတက်သွားနိုင်ရေးကို အရှိန်မြှင့်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယထုတ်ကုန်များဖြစ်သည့် နနွင်း၊ ငရုတ်ကောင်း၊ ဖာလာ၊ သရက်သီးပျော့ဖတ်၊ သရပ်သီးသနပ်၊ ပဲမျိုးစုံနှင့် ပုစွန်နှင့် တူနာကဲ့သို့သော ပြုပြင်ထားသည့် ရေထွက်ကုန်ပစ္စည်းများသည် ဗြိတိန်ဈေးကွက်သို့ အခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။
အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ ဂျုံနှင့်ငရုတ်စသည့် စိုက်ပျိုးရေးထွက်ကုန်များ၊ အသင့်စားသုံးနိုင်သောအစားအစာများအပါအဝင် စိုက်ပျိုးရေးနှင့် အစားအစာအမျိုးအစား ၉၅ ရာခိုင်နှုန်းထက်မနည်းသော အကောက်ခွန်လိုင်းများအပေါ်တွင် အခွန်အခအားလုံးကို ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
အခွန်ကင်းလွတ်ခွင့်သည် လာမည့်သုံးနှစ်အတွင်း စိုက်ပျိုးရေးထုတ်ကုန်များတင်ပို့မှုကို ၂၀ ရာခိုင်နှုန်းကျော်တိုးလာစေနိုင်သည်” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
CETA သဘောတူညီမှုအရ ပုစွန်ခြောက်၊ တူနာငါး၊ ငါးအစာ၊ တိရစ္ဆာန်အစာ၊ ကော်ဖီ၊ ဟင်းခတ်အမွှေးအကြိုင်၊ အဖျော်ယမကာများနှင့် ချက်ပြုတ်ထားသောအစားအစာများအတွက် အခွန်လုံးဝကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရရှိနိုင်မည်ဖြစ်ပါ သည်။
ယနေ့ကြေညာခဲ့သည့် ဗြိတိန်ပေါင် ၆ ဘီလီယံနီးပါးရှိ ရင်းနှီးမြှုပ်နှံမှုအသစ်များနှင့် တင်ပို့မှုအောင်မြင်မှုများသည် အနာဂတ်တွင် ပိုမိုကျယ်ပြန့်လာမည့် ပူးပေါင်းဆောင်ရွက်မှုများ၏ မျှော်မှန်းရသည့်အရာများ၏ ပထမဦးဆုံးအဆင့်ဖြစ်ကြောင်း၊ ထိုပူးပေါင်းမှုများတွင် နည်းပညာမြင့်လုပ်ငန်းများ၊ အရေးကြီးသတ္တုအရင်းအမြစ်များ၊ပတ်ဝန်းကျင်ထိခိုက်မှုနည်းသော စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း (green finance)နှင့် အခြားကဏ္ဍများအထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း Reynolds က ပြောကြားခဲ့သည်။
ဘဏ္ဍာရေးနှင့် ပရော်ဖက်ရှင်နယ်လုပ်ငန်းဝန်ဆောင်မှုများအတွက် ယခုသဘောတူညီမှုသည် အိန္ဒိယ၏တိုးတက်လာနေသော ဈေးကွက်အတွင်းအာမခံချက်ရှိသော ဝင်ရောက်ခွင့်(locked-in access)ပေးနိုင်မည်ဖြစ်ပြီး၊ အိန္ဒိယ၏အာမခံလုပ်ငန်းကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကန့်သတ်ချက်(foreign investment cap) ကဲ့သို့သောကဏ္ဍများတွင် ဗြိတိန်၏ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီများကို အိမ်ရှင်ကုမ္ပဏီများနှင့် တန်းတူဆက်ဆံခွင့်ရစေရန် အာမခံထားခြင်းတို့ပါဝင်သည်” ဟု ယူကေအစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗြိတိန်ကုမ္ပဏီပေါင်း ၂၆ ခုသည် အိန္ဒိယတွင် လုပ်ငန်းသစ်များကို ကြေညာခဲ့ပြီး Airbus & Rolls-Royce သည် မကြာမီက သဘောတူညီထားသည့် စာချုပ်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် Rolls-Royce အင်ဂျင်များ၊ အဲယားဘတ်စ်လေယာဉ်များကို မကြာမီစတင်ပေးအပ်တော့မည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ပြန်လည်အားကောင်းလာသော မိတ်ဖက်ဆက်ဆံရေး၏ တစ်စိတ်တစ်ပိုင်းအနေ ဖြင့် ဗြိတိန်နှင့် အိန္ဒိယတို့သည် အကျင့်ပျက်ခြစားမှု၊ ကြီးလေးသောလိမ်လည်မှု၊ စနစ်တကျရာဇ၀တ်မှုများနှင့် တရားမဝင်ရွှေ့ပြောင်းသွားလာမှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။
ဤသဘောတူညီမှုကြောင့် ယာယီစီးပွားရေးလုပ်ငန်းအတွက် ခရီးသွားမည့်သူများအတွက် ဝင်ရောက်ခွင့်အား ပိုမိုလွယ်ကူလာမည်ဖြစ်သော်လည်း ဗီဇာပေးအပ်မှုဆိုင်ရာများ အကျုံးဝင်မည်မဟုတ်ကြောင်း၊ ထို့အပြင် အိန္ဒိယနှင့် ယူကေအကြား သဘောတူထားမှုအရ၊အလုပ်သမားများအနေဖြင့် တစ်နိုင်ငံမှအခြားနိုင်ငံသို့ ယာယီ စာတင်နေထိုင်စဉ်အတွင်း နှစ်နိုင်ငံလုံးရှိ အလုပ်သမားများအား လူမှုဖူလုံရေးရန်ပုံ ငွေများမပေးဆောင်ရန် သဘောတူညီခဲ့ကြကြောင်းသိရှိရသည်။
အိန္ဒိယသည် Double Contribution Convention ဆိုင်ရာ သဘောတူညီချက်ကိုလည်း ရရှိခဲ့ကြောင်းနှင့် ၎င်းသည် အိန္ဒိယရှိကျွမ်းကျင်ပညာရှင်များနှင့် ၎င်းတို့၏ အလုပ်ရှင်များအား ယူကေရှိ လူမှုဖူလုံရေးငွေပေးချေမှုမှ သုံးနှစ်အထိ ကင်းလွတ် ခွင့်ပေးမည်ဖြစ်သဖြင့် အိန္ဒိယမှ ကျွမ်းကျင်လုပ်သားများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်စေမည်ဖြစ်ကြောင်း သိရှိရသည်။
CETA သည် အိုင်တီနှင့် အိုင်တီသုံးဝန်ဆောင်မှုများ၊ ဘဏ္ဍာရေးနှင့် ဥပဒေရေးရာဝန်ဆောင်မှုများ၊ ပရော်ဖက်ရှင်နယ်နှင့် ပညာရေးဆိုင်ရာဝန်ဆောင်မှုများနှင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှုများအတွက် စျေးကွက်ဝင်ရောက်ခွင့်ကို ပံ့ပိုးပေးမည်ဖြစ် ကြောင်း သိရှိရပါသည်။
အိန္ဒိယ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ပြောကြားသည်မှာ— အိန္ဒိယမှ ကျွမ်းကျင်လုပ်သားများ၊ အထူးသဖြင့် ကုမ္ပဏီများမှ ယူကေရှိ ဝန်ဆောင်မှုကဏ္ဍအမျိုးမျိုးတွင် တာဝန်ထမ်းဆောင်ရန်သွားရောက်နေသူများ၊ ထို့အပြင် သဘောတူစာချုပ်အရ တာဝန်ထမ်းဆောင်သည့် ဗိသုကာပညာရှင်များ၊ အင်ဂျင်နီယာများ၊ ချက်ပြုတ်ကျွမ်းကျင်သူများ၊ယောဂပညာရှင်များ၊တေးဂီတပညာရှင်များစွာအတွက် ဗီဇာလုပ်ငန်းစဉ် ပိုမိုလွယ်ကူလာမည်ဖြစ်ပြီး ဝင်ရောက်ခွင့်အမျိုးအစားများလည်း ထပ်မံဖြေလျှော့ပေးမည်ဖြစ်ကြောင်းနှင့်၎င်းသည် ယူကေတွင် အိန္ဒိယကျွမ်းကျင်သူ များအတွက် အလုပ်လုပ်ရန် ပိုမိုလွယ်ကူစေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကုန်သွယ်ရေးသဘောတူညီချက်အရ ဗြိတိန်ကုမ္ပဏီများသည် သန့်ရှင်းသောစွမ်း အင်ကဲ့သို့သော ကဏ္ဍများနှင့် အာမခံလုပ်ငန်းကဲ့သို့သော ဝန်ဆောင်မှုကဏ္ဍများ အတွက် အိန္ဒိယ၏ဝယ်ယူရေးဈေးကွက်ကို ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။
အမျိုးသမီးနှင့် လူငယ်စွန့်ဦးတီထွင်သူများ၊ လယ်သမား၊ ရေလုပ်သားများ၊ startup များနှင့် MSMEs များသည် ဆန်းသစ်တီထွင်မှုကို အားပေးသော၊ ရေရှည်တည်တံ့သောအလေ့အကျင့်များကိုမြှင့်တင်ရန်နှင့် အကောက်ခွန်မဟုတ်သောအတားအဆီးများကို လျှော့ချပေးသည့် ပြဋ္ဌာန်းချက်များဖြင့် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးကွင်းဆက်များဆီသို့ အသစ်ဝင်ရောက်ခွင့်ရရှိလိမ့်မည်” ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ရိုးရာပစ္စည်းများဖြစ်သည့် Bhagalpur ပိုးထည်၊ Pashmina ပဝါ၊ Kolhapuri chappal နှင့် Thanjavur အရုပ်များသည် ယခုအခါတွင် ဗြိတိန်နိုင်ငံတစ်ဝှမ်းရှိ ကုန်တိုက်များနှင့် ဈေးဆိုင်များတွင် ပြသရောင်းချနိုင်မည်ဖြစ်ပြီး အိန္ဒိယတွင်ထုတ်လုပ်သော ရိုးရာထုတ်ကုန်များစွာအတွက် အခွန်ကင်းလွတ်ခွင့်များရရှိနိုင်မည်ဖြစ်ကြောင်း၊ Makhana၊ Shahi Litchi၊ Araku ကော်ဖီနှင့် Kashmiri Saffron တို့သည် UK ဈေးကွက်သို့ ပိုမိုဝင်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
Source: India, UK start a new chapter with FTA, The Economic Times, July 25, 2025.
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)