International News

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေဖြင့် ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့လာသည့် ကုန်စည်များအပေါ် ၂၅ ရာခိုင်နှုန်း တန်ပြန်အကောက်ခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာခဲ့

Last Updated:

အမေရိကန်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့လာသည့် ကုန် စည်များအပေါ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ၂၅ ရာခိုင်နှုန်းတန်ပြန်အကောက်ခွန်ကောက်ခံသွားမည်ဟု ထုတ်ပြန်ခဲ့ကြောင်း ၈-၇-၂၀၂၅ ရက်နေ့ထုတ် The Japan Times သတင်းစာတွင် “Trump announces new tariff rate on Japan—and extension of deadline to Aug. 1” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှ ထုတ်ပြန်ခဲ့သည့် ဂျပန်နိုင်ငံအပေါ်ကောက်ခံသွားမည့် တန်ပြန်အကောက်ခွန်နှုန်းထားအသစ်မှာ ၂၅ ရာ ခိုင်နှုန်းဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည့် တန်ပြန်အကောက်ခွန်နှုန်း ၂၄ ရာခိုင်နှုန်းထက် အနည်းငယ်များပြားခဲ့ကြောင်းနှင့် အမေရိကန်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့လာသည့် ကုန်စည်များအားလုံးအပေါ် အကောက်ခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အမေရိကန်နိုင်ငံအနေဖြင့် ကဏ္ဍအလိုက်အကောက်ခွန်များကို သီးခြားကောက်ခံလျက်ရှိကြောင်း၊ ဂျပန်နိုင်ငံထုတ် မော်တော်ယာဉ်နှင့်မော်တော်ယာဉ်အစိတ်အပိုင်းများအပေါ် ၂၅ ရာခိုင်နှုန်းနှင့် သံမဏိနှင့်အလူမီနီယံအပေါ် ၅၀ ရာခိုင်နှုန်းကောက်ခံလျက်ရှိကြောင်း ဖော်ပြထားပါသည်။

အမေရိကန်သမ္မတ၏ထုတ်ပြန်ချက်တွင် အကောက်ခွန်ပေးဆောင်ရမှုကို ရှောင်ရှားရန်အတွက် တတိယနိုင်ငံမှတစ်ဆင့်တင်သွင်းလာပါက အဆိုပါကုန်စည်များအပေါ် အကောက်ခွန်ထပ်မံတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း၊ အကယ်၍ ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံမှ ဂျပန်နိုင်ငံသို့ တင်ပို့လာသည့် ကုန်စည်များအပေါ် အကောက်ခွန်တိုးမြှင့်ကောက်ခံမည်ဆိုပါက ဂျပန်နိုင်ငံအပေါ် ကောက်ခံသွားမည့် တန်ပြန်အကောက်ခွန်နှုန်း ၂၅ရာခိုင်နှုန်းအပြင် အဆိုပါဂျပန်နိုင်ငံဘက်မှ ကောက်ခံ မည့်အကောက်ခွန်နှုန်းကိုပါ ထပ်တိုး၍ကောက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် ကမ္ဘာ့နိုင်ငံအများအပြားအပေါ် တန်ပြန်အကောက်ခွန်ကောက်ခံသွားမည်ဖြစ် ကြောင်းကြေညာခဲ့ကြောင်း နှင့်ထိုသို့ကြေညာခဲ့ပြီး ၂ ရက်အကြာတွင် တန်ပြန်အကောက်ခွန်ကောက်ခံမှုကို ရက် ၉၀ ဆိုင်းငံ့ခဲ့ကြောင်း၊ အဆိုပါဆိုင်းငံ့ကာလအတွင်း အခြေခံအကောက်ခွန် ၁၀ ရာခိုင်နှုန်းကို ကောက်ခံခဲ့ကြောင်း၊ အမေရိကန် နိုင်ငံဘက်မှ တန်ပြန်အကောက်ခွန်လျှော့ချကောက်ခံပေးရန် ညှိနှိုင်းလိုသည့်နိုင်ငံများအနေဖြင့် ရက် ၉၀ ဆိုင်းငံ့ကာလပြည့်မြောက်မည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့မတိုင်မီ ဆွေးနွေးညှိနှိုင်းရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေဖြင့် ၇-၇-၂၀၂၅ ရက်နေ့တွင် အထူးအမိန့်များထုတ်ပြန်ကာ တန်ပြန်အကောက်ခွန်စတင်ကောက်ခံမည့်ရက်ကို ဩဂုတ်လ ၁ ရက်နေ့သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏အထက်လွှတ်တော်ရွေး ကောက်ပွဲကို ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ရာ အမေရိကန်နိုင်ငံမှ ဂျပန်နိုင်ငံအပေါ် အကောက်ခွန်ထပ်မံတိုးမြှင့်ခဲ့ခြင်းကြောင့် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်အီရှီဘာနှင့် လက်ရှိအာဏာရပါတီဖြစ်သည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအနေဖြင့် အများစုအနိုင်ရရှိရန်အတွက် စိန်ခေါ်မှုများဖြစ်ပေါ်စေမည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။

ဂျပန်ဝန်ကြီးချုပ်အီရှီဘာနှင့်တောင်ကိုရီးယားသမ္မတလီဂျေမြောင်တို့သည် တန်ပြန် အကောက်ခွန်များကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတမှ ပေးပို့သည့်စာများကို ပထမဆုံးရရှိသူများတွင်ပါဝင်ကြောင်း၊ အလားတူစာများကို တောင်အာဖရိကနိုင်ငံ(၃၀%)၊ မလေးရှားနိုင်ငံ(၂၅%)၊ မြန်မာနိုင်ငံ(၄၀%)နှင့် လာအိုနိုင်ငံ(၄၀%)စသည့်နိုင်ငံများသို့လည်း ပေးပို့ခဲ့ကြောင်းနှင့် အဆိုပါနိုင်ငံများအပေါ် တန်ပြန်အကောက်ခွန်ကို ၄၀ ရာခိုင် နှုန်းအထိ ကောက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။  

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား အကောက်ခွန်ဆိုင်ရာညှိနှိုင်းမှုများ အောင်မြင်မှုမရရှိသေးသည့်အပေါ် ပြီးခဲ့သည့်အပတ်တွင် ၃ ရက်ဆက်တိုက်ထုတ်ဖော်ပြောကြားခဲ့ပြီး၊ အမေရိကန်နိုင်ငံအနေဖြင့် ဂျပန်ထုတ်ကုန်များအပေါ် ၃၅ ရာခိုင်နှုန်းအထိ အကောက်ခွန်ကောက်ခံသွားဟု ခြိမ်းခြောက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News