မြန်မာနိုင်ငံတွင် နာနတ်သီးများကို ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အဓိကစိုက်ပျိုး၍ ရှမ်းပြည်နယ်အနေဖြင့် (တောင်ပိုင်း)တွင် ဆီဆိုင်၊ နမ့်စန်၊ မိုင်းကိုင်ဒေသများနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် သီပေါ၊ တန့်ယန့်၊ လာရှိုးမြို့နယ်များတွင် အဓိကစိုက်ပျိုး၍ စိုက်ဧကအနေဖြင့် တောင်ပိုင်းတွင် ဧက(၆၀၀၀)ခန့်နှင့် မြောက်ပိုင်းတွင် ဧက (၇၀၀၀)ခန့် စိုက်ပျိုးပြီး ထွက်ရှိမှုအနေ ဖြင့် အလုံးရေ(၄၅)သန်းခန့် တန်ချိန်အနေဖြင့် (၃၀၀၀၀ မှ ၄၀၀၀၀)ကျော်ခန့် ထွက်ရှိပြီး ဇူလိုင်လမှ စတင်၍ စက်တင်ဘာလအထိ လှိုင်လှိုင်ထွက်ရှိပြီး ပြည်တွင်းဈေးကွက်များသို့ အဓိကတင်ပို့လျက်ရှိပါသည်။
နာနတ်သီးစိုက်ပျိုးမှုအနေဖြင့် အများဆုံးစိုက်ပျိုးသည့်မျိုးမှာ သီပေါမျိုး၊ တရုတ်(တိုင်ပေ) မျိုးများကိုသာ အဓိကစိုက်ပျိုး၍ စတင်စိုက်ပျိုးသည့် ပထမနှစ်တွင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၄၀)သိန်းခန့်ကုန်ကျပြီး စိုက်ပျိုးပြီး (၁)နှစ်ခွဲမှ စတင်ခူးဆွတ်၍ နောက်(၅)နှစ်မှ (၇)နှစ်အထိ နှစ်စဉ်ခူးဆွတ်နိုင်ပါသည်။ အသီးများစတင်ထွက်ရှိသည့် ယခုဇူလိုင်လဆန်းပိုင်းတွင် ကုန်သည်များမှ ခြံအထိလာရောက်ဝယ်ယူမှုအနေဖြင့် တစ်လုံးလျှင် (၇၀၀ မှ ၁၀၀၀)ကျပ်ခန့်နှင့် အသီးသီးလှိုင်လှိုင်ထွက်ရှိချိန်တွင် (၅၀၀ မှ ၈၀၀) ကျပ်ခန့် တောင်သူများထံမှဝယ်ယူ၍ ရှမ်းတောင်ဒေသ ဆီဆိုင်မှ မန္တလေးနှင့် ရန်ကုန်ဈေးကွက်များသို့ တင်ပို့ရောင်းချကြပါသည်။
ယခုနာနတ်သီးရာသီတွင် တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တင်ပို့နိုင်ရန်အတွက်လည်း ရှမ်းမြောက်ဒေသမှ တောင်သူများကိုယ်စားပြုကုမ္ပဏီတစ်ခုမှ ကြိုးစားဆောင်ရွက်လျက်ရှိပြီး ၎င်းကုမ္ပဏီမှာ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် GACC လက်မှတ် ရရှိပြီးဖြစ်ပါကြောင်း သိရှိရပါသည်။
MT-Shan (Taunggyi)