Local News

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အများပြည်သူသို့ အသိပေးကြေညာချက်

Last Updated:

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှု ရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများ မေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများ ရယူနိုင်ရန် “အများပြည်သူ ထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme – PFP)” ကို သက်ဆိုင်ရာဌာနများ နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။
အဆိုပါ PFP အစီအစဉ်သည် အစိုးရဌာန/အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကောင်းမွန် လာစေရေးနှင့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်နေသည့် ကိစ္စရပ်ဖြစ်သောကြောင့် Short Code နံပါတ် “1111” မှတစ်ဆင့် SMS ဖြင့် ပေးပို့မေးမြန်းသော မေးခွန်းများကို ပြည်သူများက အကြံပြုဖြေကြားပေးခြင်းဖြင့် အစိုးရဌာန/အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုလုပ်ငန်းများ၌ လိုအပ်ချက်နှင့် အားနည်းချက်များကို သိရှိပြုပြင်နိုင်မည် ဖြစ်ပါသည်။
ပြည်သူများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ပြည်သူများက သက်သာသောနှုန်းထားဖြင့် SMS များ ပြန်လည်ဖြေကြားပေးနိုင်ရေး ဆက်သွယ်ရေးအော်ပရေတာများနှင့် ညှိနှိုင်းဆောင်ရွက်ထားပါကြောင်း အသိပေး တိုက်တွန်းနှိုးဆော်အပ်ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

Category: Local News