မတ်လ တတိယအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ပွဲရုံများသို့ စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်နီအသစ်များ စတင်ဝင်ရောက်လျက်ရှိရာ နေ့စဉ် ပိဿာချိန် ၅၅၀၀၀ ခန့် ဝင်ရောက်လျက် ရှိပါသည်။ ပွဲရုံများမှ ဝင်ရောက်လာသော ကြက်သွန်နီများကို ဒေသတွင်း ကြက်သွန်ကြော်လုပ်ငန်းများ၊ အကြော်ဖိုများ၊ ရန်ကုန်၊ မန္တလေးဝယ်လက်များနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ မြို့နယ်များသို့ တင်ပို့နေကြောင်း သိရပါသည်။
ယခုတစ်ပတ်အတွင်း မုံရွာကြက်သွန်နီပွဲရုံများသို့ ဝင်ရောက်လာသော ကြက်သွန်နီအသစ် တစ်ပိဿာပေါက်ဈေး နှုန်းမှာ လက်ကားဈေးနှုန်း (ကြီး) ၁၅၀၀ ကျပ်၊ (လတ်) ၁၃၀၀ ကျပ်၊ (သေး) ၁၀၀၀ ကျပ်နှင့် လက်လီဈေးနှုန်း (ကြီး) ၂၀၀၀ ကျပ်၊ (လတ်) ၁၅၀၀ ကျပ်၊ (သေး) ၁၃၀၀ ကျပ် ပေါက်ဈေးရှိပါသည်။ ကြက်သွန်နီ အလုံးအရွယ်အစား၊ အရောင်နှင့် အစိုအခြောက်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိပါသည်။ ကြက်သွန်ဖြူ တစ်ပိဿာ ပေါက်ဈေးနှုန်းမှာ ဗမာဖြူ ၅၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်ထိ၊ ရှမ်းဖြူ ၅၀၀၀ ကျပ်မှ ၅၅၀၀ ကျပ်ထိ၊ ကြူကုတ်ဖြူ ၁၃၅၀၀ ကျပ်မှ ၁၄၀၀၀ ကျပ် ထိ စသည်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မုံရွာကြက်သွန်နီပွဲရုံများမှ သိရပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး