Local News

ရာသီစာ ခေါပုပ်၊ ကောက်ညှင်းကျည်တောက် (ခ) ဝါးတင်းပေါင်းများ အရောင်းသွက်

Last Updated:

     ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယခုလအစောပိုင်းမှစ၍ ရာသီစာ ခေါပုပ်၊ ကောက် ညှင်းကျည်တောက်များ အရောင်းသွက်လျက်ရှိသည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နိုဝင်ဘာလ အစမှစ၍ ဆောင်းရာသီ၏ ရာသီဥတုအား စတင်ခံစားလာရသည့်အလျောက် အေးချမ်းလှသည့် ညနေခင်းတွင် သော်လည်းကောင်း၊ နံနက်ခင်းအစောပိုင်းတွင် သော်လည်းကောင်း ရာသီစာ ခေါပုပ်၊ ကောက်ညှင်းကျည်တောက်များကို မီးကင်၍ သကြား၊ ဆီတို့ဟူး စသည်တို့ဖြင့် မြိန်ရှက်စွာ စားသုံး လေ့ရှိကြသည်။ ခေါပုပ်ပြုလုပ်ရာတွင် ကောက်ညှင်းဆန် (ငချိတ်၊ အဖြူ)အား ရေစိမ်၍ ဆုံကြီးဖြင့် လုံးဝညှက်သည်အထိ ထောင်းကြရာကာ မိမိတို့ လိုအပ်သလိုပုံစံရသည် အထိပြုလုပ်၍ ဈေးကွက် အတွင်း ဖြန့်ဖြူးရောင်းချကြသည်။ ကောက်ညှင်းကျည်တောက်ကိုမူ အပိုင်းပိုင်းဖြတ်ထားသော ပေါင်းတင်းဝါး ဝါးဆစ်ကျည်တောက်များထဲတွင် ကောက်ညှင်းဆန်၊ ရေ၊ အုန်းသီး၊ တောင်ယာပဲစေ့ များစသည်ဖြင့် ထည့်သွင်း၍ ငှက်ပျောရွက်ဖြင့် ပိတ်ကာ မီးဖုတ်၍ လည်းကောင်း၊ ပေါင်း၍ လည်းကောင်း ကျက်အောင်ပြုလုပ်ကာ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချကြသည်။ အစားအစာ ဖြစ်သောကြောင့် ရေရှည်အထားမခံသဖြင့် ရောင်းချကြသူများက တစ်နေ့တာအတွက် ချင့်ချိန်ကာ ပြုလုပ်၍ ကုန်အောင်ရောင်းချကြခြင်းဖြစ်သဖြင့် စားသုံးသူများအနေဖြင့်လည်း လတ်လတ်ဆက်ဆက် စားသုံးရ၍ လူကြိုက်များကာ ရောင်းအားကောင်းလျက်ရှိသည်။ ခေါပုပ် အဝိုင်း (အသေး) ၅ ခုပါ တစ်ပုံ လျှင် ၁၀၀၀ ကျပ်၊ ကောက်ညှင်းကျည်တောက် တစ်တောင့်လျှင် ၃၀၀၀ ကျပ်ဖြင့်သာ ရောင်းချ ကြသောကြောင့် စားသုံးသူများအတွက်လည်း ဈေးသက်သာ၍ ဝယ်လိုအားများကာ ဈေးကွက်အတွင်း အရောင်းသွက်လျက်ရှိနေကြောင်း သိရသည်။

ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News