Local News

မြိတ်ဒေသ၏ ‌ဝင်ငွေရရှိလျက်ရှိသော‌ ဒေသထွက်ကုန်သီးနှံများ၊ ဒေသတွင်းလုပ်ငန်းများနှင့် ငပိ၊ ငါးခြောက်၊ ပုစွန်ခြောက်များ၏ စျေးနှုန်း/စျေးကွက်၊ တင်ပို့မှုအခြေအနေ

Last Updated:

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် တောင်ကုန်း၊ တောင်တန်းများ ပေါများသည့်အပြင် ပင်လယ်နှင့်နီးကပ်စွာတည်ရှိပြီး ရှေးယခင်ကတည်းကပင် ဥယျာဥ်ခြံမြေစိုက်ပျိုးခြင်းနှင့် ပင်လယ်ရေ လုပ်ငန်းများဖြင့် အဓိကအသက်မွေးဝမ်းကျောင်း ပြုလျက်ရှိပြီး မြိတ်ခရိုင်တွင် ဒေသထွက် သီးနှံပင် များဖြစ်သည့် ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်၊ နာနက်၊ ရေငန်း၊ ဓနိ၊ အုန်းပင်များအပြင် ကွမ်းရွက်ပင်၊ သင်္ဘောပင်နှင့် အခြားဟင်းရွက်ပင်များ၊ စက်မှုကုန်ကြမ်းများအတွက် နှစ်ရှည်‌ပင်များအဖြစ် စိုက်ပျိုး ပြီး စျေးကွက်တင်ပို့မှုကောင်းသော ကွမ်းသီး၊ ရာဘာ၊ သီဟိုဠ်များအပြင် ဆီအုန်းများ၊ ဆေးဖက်ဝင် သဘာဝပေါက်ပင်တစ်မျိုးဖြစ်သော ကမ်းဇော်ပင်များမှ ကမ်းဇော်သီးများသီးသည့် အချိန်ကာလတွင် အသီးများရင့်မှည့်ပြီး ကမ်းဇော်စေ့များလည်းထွက်ရှိသည့်အပြင် ပင်လယ်ပြင်နှင့်အလွန်နီးကပ်စွာရှိ သည့်အတွက် ပုလဲ၊ ပုစွန်၊ ကမာ၊ ဂဏ္ဏန်း၊ ငါးအမျိုးမျိုးနှင့် အခြားပင်လယ်ထွက်ကုန်များလည်းများစွာ ထွက်ရှိသည့်အပြင် ယခုအခါ ပုစွန်နှင့် ဂဏ္ဏန်းပျော့မွေးမြူရေးလုပ်ငန်းများကိုပါ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့်အတွက် ဒေသတွင်းစားသုံးမှုများမှသည် ပြည်တွင်းစျေးကွက်များဖြစ် သော ရန်ကုန်၊ မန္တလေးနှင့် မွန်ပြည်နယ်များသို့ အဓိကတင်ပို့လျက်ရှိပြီး ပြည်ပသို့လည်းတင်ပို့ လျက်ရှိသည့်အပြင် ပင်လယ်ကျွန်းခရီးသွားလုပ်ငန်းများကိုလည်း လုပ်ကိုင်အောင်မြင်လျက်ရှိသည့် အတွက် ဒေသတွင်းပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ တစ်ဦးချင်းဝင်ငွေမှ  သည်တိုင်းဒေသကြီးနှင့်နိုင်ငံအတွက် ပြင်ပဝင်ငွေများအား တစ်ဖက်တစ်လမ်းမှရရှိအောင် အထောက်အကူပြုလျက်ရှိပါသည်။

     မြိတ်ခရိုင်၊ မြိတ်မြို့တွင် ယခုအခါ ရာသီပေါ်သီးနှံများဖြစ်သော ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက် ၊ ရေငန်းများအပြင် ဆေးဖက်ဝင်ကမ်းဇော်သီးများသီးကာ ရင့်မှည့်၍ ကမ်းဇော်စေ့များ လှိုင်လှိုင်ထွက် ရှိလျက်ရှိပြီးအရောင်းအဝယ်သွက်လျက်ရှိပါသည်။ ပင်လယ်ငါးဖမ်းခြင်းနှင့်ရေလုပ်ငန်းများ၊ ကျွန်းခရီး သွားလုပ်ငန်းများမှာ ငါးသားပေါက်ကာလနှင့် မိုးဦးကျရာသီဖြစ်သည့်အတွက် ပင်လယ်ထွက်ကုန်များ ရရှိမှုနည်းပါးပြီး လုပ်ငန်းအများစုမှာခေတ္တရပ်နားလျက်ရှိပါသည်။

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ငါးသားပေါက်ကာလ ပင်လယ်ကမ်းဝေးငါးဖမ်းလုပ် ငန်းများ ရပ်နားထားချိန်နှင့် မိုးဦးကာလဖြစ်သော ယခုကာလများတွင် ငါး၊ ပုစွန်နှင့် ပင်လယ် ဂွေး ကောင်များရရှိမှုနည်းပါးခြင်း၊ မိုးများသော ဒေသဖြစ်ရာ စိုစွတ်မှုများပြီး နေရောင်ခြည်ရရှိမှုအားနည်း ခြင်းများကြောင့် ငါးခြောက်၊ ပုစွန်ခြောက်နှင့် ငပိ လုပ်ငန်းများမှာ အခက်အခဲဖြစ်ပေါ်လျက်ရှိရာ လုပ် ငန်းအနည်းငယ်သာ လုပ်ကိုင်ကြသဖြင့် ငါးပိ၊ ငါးခြောက်နှင့် ပုစွန်ခြောက်စျေးနှုန်းများမှာ ယခုကာလ များတွင် နှစ်စဥ်စျေးတက်လျက်ရှိရာ ယခု ၂၀၂၆ ခုနှစ်၊ ဇွန်လ ပထမအပတ်အတွင်း မြိတ်မြို့ပေါ်ရှိ စည်ပင်သာယာစျေးကြီးများရှိ ငါးခြောက်ဆိုင်တန်းများတွင် ရောင်းချလျက်ရှိသော လူကြိုက်များ စား သုံးမှုများပြားသည့် ငါးအူမျှင်းခြောက်(ခေါ်)အူကြီးခြောက် တစ်ပိဿာလျှင် ၉၀၀၀၀ ကျပ်၊ ငါးရောင် ခြောက်(ခေါ်)ဇလုံးခြောက် တစ်ပိဿာလျှင် ၆၀၀၀၀ ကျပ်၊ smart ဝိုင်းခြောက်(ခေါ်) ငါးလိပ်‌ကျောက် တစ်ပိဿာလျှင် ၁၂၀၀၀၀ ကျပ်၊ ငါးတံခွန်ခြောက် တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်၊ အာပြဲခြောက် တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ရေကြည်ငယ်ခွဲခြောက် တစ်ပိဿာလျှင် ၆၀၀၀၀ ကျပ်၊ ငါးနီတူ ခြောက်တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်၊ ပုစွန်ခြောက်စျေးနှုန်းများအနေဖြင့် အကောင်သေးတစ်ပိဿာ လျှင် ၉၀၀၀၀/၁၀၀၀၀၀ ကျပ်၊ အလတ်ဆိုဒ်တစ် ပိဿာလျှင် ၁၂၀၀၀၀/၁၃၀၀၀၀ ကျပ်၊ အကောင်ကြီး တစ်ပိဿာလျှင် ၁၆၀၀၀၀/၁၈၀၀၀၀ ကျပ်နှင့် ငပိစျေးနှုန်းမှာ ရိုးရိုးတစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ မျှင်ငပိ(ခေါ်) ဂွေးငပိ ရှယ်တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ဖြင့်‌‌ရောင်းချလျက်ရှိပြီး စျေးကွက်အနေဖြင့် ဒေသတွင်း ဝယ်ယူစားသုံးမှုများသာမက ရန်ကုန်၊ မန္တလေးမြို့များသို့ အဓိကတင်ပို့ပြီး အခြားဒေသများသို့လည်း တင်ပို့ရောင်းချလျက်ရှိရာ မိုးကာလများတွင် စျေးနှုန်းအနည်းငယ်ပိုမိုတက် နိုင်ကြောင်းနှင့် အခြားဒေသများသို့ တင်ပို့နိုင်မှုနည်းပါးသွားမည်ဖြစ်ပါကြောင်း စုံစမ်းရေးသား တင်ပြလိုက်ပါသည်။

Source:   https://www.doca.gov.mm/

Category: Local News