မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံကို ရာသီမရွေးစိုက်ပျိုးလျက်ရှိရာ ဈေးကွက်ဝယ်လိုအားကောင်းသည့် ဥယျာဉ်ခြံ မြေသီးနှံတစ်မျိုးဖြစ်သော မာလကာသီးများကိုလည်း မိသားစု အပိုဝင်ငွေ ရရှိရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။
အစိုဓာတ်ကောင်းမွန်သည့် မိုးဦးကျကာလများတွင် ယာမြေများ၌ မာလကာကိုင်းကူးမျိုးများကို စိုက်ပျိုးကြကြောင်း၊ ကီလိုမာလကာမျိုးများကို ပင်ခြားတန်းခြား ၁၅-၁၆ ပေ အကွာဖြင့် တစ်ဧကလျှင် ကီလိုမာလကာပင် ၃၅၀ ခန့် ဝင်ဆံ့စိုက်ပျိုးနိုင်ကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၅၅ သိန်းခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး နှစ်နှစ်ခန့်အကြာတွင် အသီးများ စတင် ခူးဆွတ်ရောင်းချနိုင်ပြီး နွေရာသီတွင် ရေလောင်း၊ ရေသွင်းခြင်းဖြင့် အပင်များကို ပြုစုပေးပါက ကီလိုမာလကာသီးများကို တစ်နှစ်ပတ်လုံး ခူးဆွတ်ရရှိနိုင်ကြောင်း၊ မြေအနေအထားနှင့် အပင်ဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ တစ်နှစ်လျှင် ကီလိုမာလကာ တစ်ပင်လျှင် ပျမ်းမျှအလုံးရေ ၁၅၀ - ၂၀၀ ခန့်ထွက်ရှိရာ တစ်ဧကပျမ်းမျှအလုံးရေ ၅၂၅၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဆည်မြို့ပေါ်ရှိဈေးများနှင့် ရွှေသိမ်တော်ဘုရားရှိ သစ်သီးဆိုင်များသို့ တင်ပို့ရောင်းချကြကာ အကျိုးအမြတ်များ ရရှိလျက်ရှိကြောင်း ကီလိုမာလကာသီးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မန္တလေး)
source: https://www.mdn.gov.mm