Local News

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ဒေသထွက်ခရမ်းသီးစျေးနှုန်းစျေးကွက်

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်သောကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီးနှံကိုလည်း စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြပါသည်။ ခရမ်းသီးနှံကို ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာနှင့်ကြက်ဆင်ကျေးရွာများတွင် အများဆုံး စိုက်ပျိုးလျက်ရှိပြီး မျိုးအနေဖြင့် ခရမ်းသီးအလုံးသေးမျိုး (၅၅၅) မျိုးများကို စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ခရမ်းပင်စိုက်ပျိုးမည်ဆိုပါက ပထမဦးဆုံး ပျိုးအရင်ထောင်ရကြောင်း၊ ပျိုးပင်သက် (၁)လခွဲသားအရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ ပြောင်းရွေ့စိုက်ပျိုးပြီး (၂)လ၊ (၃)လအကြာတွင် ခရမ်းသီးများ စတင်ခူးဆွတ်နိုင်ပြီး(၄)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း ၊ စတင်ခူးဆွတ်သည်မှ တစ်ပတ်နှင့်တစ်ပတ် အထွက်နှုန်းပိုလာကြောင်း ၊ (၁) ဧက အထွက်နှုန်းအနေဖြင့် တစ်ပတ်လျှင် ပိဿာ (၂၅၀-၃၀၀) အထိ ထွက်ရှိကြောင်း၊ သက်တမ်းအနေဖြင့် (၄-၅) လခန့်အထိ ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၁၀၀၀၀၀၀/-)ကျပ်ခန့်ရှိပြီး စတင်ခူးဆွတ်ချိန်မှ ဖျက်သိမ်းချိန်အထိ ခရမ်းသီးထွက်ရှိမှု စုစုပေါင်း (၂၀၀၀-၂၅၀၀) ပိဿာထွက်ရှိကြောင်း သိရှိရပါသည်။ ခရမ်းသီးတစ်ပိဿာလျှင် ဖောက်သည်ဈေးအနေဖြင့် (၈၀၀/-) ကျပ် ၊ လက်လီ‌တစ်ပိဿာလျှင် (၁၅၀၀/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ်စျေးနှုန်းမတူညီကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၆၀၀၀၀၀/-) ကျပ်ခန့်မြတ်ကြောင်း ၊ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှတစ်ဆင့် ကျောက်ဆည်၊ စဉ့်ကိုင်၊ မန္တလေးနှင့်ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း ခရမ်းသီးစိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိပါသည်။  
Source: https://www.doca.gov.mm

Category: Local News