International News

ကပ်ရောဂါကြောင့် ဘယ်လ်ဂျီယံနိုင်ငံ၏ စားသောက်ကုန်ဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက

Last Updated:

ကပ်ရောဂါကြောင့် ဘယ်လ်ဂျီယံနိုင်ငံတွင် အသား၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဲ့သို့သော အခြေခံစားသောက်ကုန်များသည် ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းခန့်အထိ ပို၍ ဈေးကြီးပေးဝယ်ယူရကြောင်း ဘယ်လ်ဂျီယံအစိုးရ အစီရင်ခံစာအရ သိရသည်။ ဘယ်လ်ဂျီယံ နိုင်ငံ အစိုးရစာရင်းအင်းဗျူရို (Belstat) အရ သစ်သီးဝလံများ (၁၀ ရာခိုင်နှုန်း)၊ သစ်သီးဖျော်ရည် (၉ ရာခိုင်နှုန်း)နှင့် ဟင်းသီးဟင်းရွက်များ (၅ ရာခိုင်နှုန်း) အသီးသီးဈေးနှုန်းမြင့်တက်ခဲ့သည်ဟု ဆိုသည်။ အလားတူဈေးနှုန်းမြင့်တက်လာခဲ့သည့် ကုန်စည်များမှာ breakfast cereals (၈ ဒသမ ၆ ရာခိုင်နှုန်း)၊ ရေခဲမုန့် (၇ ဒသမ ၆ ရာခိုင်နှုန်း)၊ ငါး(၅ ဒသမ ၅ ရာခိုင်နှုန်း) နှင့် အသား (၃ ဒသမ ၃ ရာခိုင်နှုန်း) တို့ ဖြစ်ကြသည်။

၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက စားသောက်ကုန်များသည် ပျမ်းမျှ ၃. ၂ ရာခိုင်နှုန်း ဈေးနှုန်းမြင့် တက်လာခဲ့ပြီး၊ ပေါင်မုန့်၊ ဆေးရွက်ကြီးထွက်ကုန်၊ သကြားလုံး၊ နို့ထွက်ပစ္စည်းများနှင့် အယ်လ်ကို ဟောစသည့်ကုန်စည်များတွင် ပျမ်းမျှအားဖြင့် ၂ ဒသမ ၄ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ဈေးနှုန်းကျဆင်းခဲ့မှုအနေဖြင့် လေယာဉ်လက်မှတ်များ (- ၁၄ ဒသမ ၄ ရာခိုင်နှုန်း)၊ သဘာဝဓါတ်ငွေ့ (-၁၅ ဒသမ ၈ ရာခိုင်နှုန်း)၊ လျှပ်စစ် (-၆ ရာခိုင်နှုန်း) နှင့် ဓါတ်ဆီ (-၅ ဒသမ ၈) ရာခိုင်နှုန်းတို့ဖြစ်ကြသည်။ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ရာသီဥတုမကောင်းသဖြင့် စိုက်ပျိုး ထွက်ရှိမှု လျော့ကျခြင်းနှင့် အချို့သောထုတ်ကုန်များ၏ ရောင်းလိုအားနိမ့်ကျခြင်းတို့ကြောင့် အဓိက ဖြစ်ကြောင်း အဆိုပါအစီရင်ခံစာက ဆိုသည်။ သို့ရာတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ စိုက်ပျိုးထွက်ရှိမှုမှာ များစွာဆိုးရွားမှုမရှိကြောင်းနှင့် ဈေးနှုန်း ၁၀ ရာခိုင်နှုန်း မြင့်တက်သည့် ကုန်စည်များမှာ ပြည်တွင်းမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများမဟုတ်ကြောင်း ဘယ်လ်ဂျီယံ လယ်သမားများ က ပြောကြားခဲ့သည်။

ပျမ်းမျှအားဖြင့် ဈေးနှုန်းမြင့်တက်ရခြင်းမှာ နိုင်ငံပြင်ပမှ တင်သွင်းသည့် သစ်သီးဝလံများ ကြောင့်ဖြစ်ကြောင်း၊ လိမ္မော်သီး၊ သံပယိုသီးနှင့် သံပုရာသီးစသည့် သစ်သီးဝလံများစွာကို စပိန်နိုင်ငံမှ တင်သွင်းခြင်းဖြစ်ကြောင်း၊ စပိန်နိုင်ငံတွင် ကိုဗစ်-၁၉ အကျပ်အတည်းကြောင့် သစ်သီးခူးယူရန် လုပ်သားမရှိသဖြင့် ခက်ခဲသည့်အခြေအနေများဖြစ်ပေါ်စေခဲ့ပြီး၊ ၄၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့် တက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ခရီးသည်တင်လေယာဉ်များပျံသန်းမှု နည်းပါးခြင်းကြောင့် ၎င်းလေယာဉ်များဖြင့်သယ်ယူလေ့ရှိသည့် လိုင်ချီးသီးကဲ့သို့သော အီးယူပြင်ပ ဒေသထွက်အသီးများ တင်သွင်းမှုအတွက်လည်း အခက်အခဲဖြစ်ပေါ်ခဲ့သည်။ စားသုံးသူများ၏ ဈေးဝယ်အမူအကျင့်များ ပြောင်းလဲမှုကြောင့် ပြုပြင် ထုတ်လုပ်ထားသည့် စားသောက်ကုန်များ၏ ဈေးနှုန်းမှာလည်းမြင့်တက်လာခဲ့ကြောင်း၊ ကပ်ရောဂါကြောင့် ချမှတ်ထားသည့် ဘေးကင်းလုံခြုံရေး အစီအမံများကြောင့် ဈေးဝယ်သူများသည် လိုအပ်သည့်ပစ္စည်းများကိုသာဝယ်ယူပြီးနောက် ဆိုင်များမှ ဆောလျင်စွာထွက်ခွာကြသဖြင့် ကပ်ရောဂါ ကာလမတိုင်မီက ဈေးဝယ်ယူမှုပုံစံနှင့်မတူညီသည့် အခြေအနေ ဖြစ်လာကြောင်းသိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -  (ဘရပ်ဆဲလ်တိုင်းမ်)

Category: International News