International News

ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်လာသော ရုရှား-ယူကရိန်းအရေး

Last Updated:

ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်သည့် ရုရှား၏ လုပ်ရပ်ကို ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အကျပ်အတည်း၏ အဓိက အကြောင်းရင်းတစ်ခုအဖြစ် ရှုမြင်လာကြပြီး နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အခြားဆိုးကျိုးများ ဆက်လက် ဖြစ်ပေါ်လာမည်ဟု လေ့လာသူများက သုံးသပ်ထားပါသည်။

ယူကရိန်းသည် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့အစည်းများနှင့် နိုင်ဂျီးရီးယားကဲ့သို့ ဝင်ငွေနိမ့်နိုင်ငံ များအတွက် နေကြာဆီ၊ ဂျုံနှင့် ပြောင်းကဲ့သို့သော အစားအစာများကို အများဆုံး ထောက်ပံ့ပေးလျက် ရှိပြီး လူသန်းပေါင်း ၄ဝဝ ခန့်အား တစ်နှစ်စာ အလုံအလောက် ကျွေးမွေးနိုင်သော နှံစားသီးနှံများ တင်ပို့ရောင်းချနေသည့် ဦးဆောင်နိုင်ငံတစ်ခု ဖြစ်ပါသည်။ ယူကရိန်းသည် ယမန်နှစ်က ကောက်ပဲသီးနှံ တန်ချိန် ၁၀၇ သန်းဖြင့် ရိတ်သိမ်းမှု စံချိန်ချိုးခဲ့ပြီး နှစ်စဉ် တင်ပို့မှုသည် ပျမ်းမျှတန်ချိန် သန်း ၅၀ ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်တွင် ယူကရိန်း၏ ကောက်ပဲသီးနှံနှင့် ဆီထွက်သီးနှံ တင်ပို့မှုသည် တန်ချိန် ၆၁.၅ သန်းအထိ ရောက်ရှိခဲ့ပါသည်။

ရုရှား ဝင်ရောက်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ စိုက်ပျိုးမြေဧကများအနက် ၂၀ ရာခိုင်နှုန်းသည် အသုံးပြု၍မရ‌တော့ဘဲ စိုက်ပျိုးရေးကဏ္ဍတွင် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၉ ဘီလီယံ ဆုံးရှုံးခဲ့ပြီး ပို့ကုန်ကဏ္ဍကိုပါ ထိခိုက်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် စိုက်ပျိုးမြေ ဟက်တာ ၁၉.၁ သန်းခန့်မှ တန်ချိန်သန်းပေါင်း ၇၀ ခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားရာမှ ဆိပ်ကမ်းများ ပိတ်ဆို့ ခြင်း၏ ကန့်သတ်အခြေအနေများတွင် တန်ချိန် ၃၁ သန်းခန့်သာ ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ ကုန် ဈေးနှုန်းမြင့်တက်လာခြင်းနှင့် စားနပ်ရိက္ခာ ရှားပါးမှုအပြင် ဓာတ်မြေသြဇာတင်သွင်းရန် ကန့်သတ် ချက်များ ဖြစ်ပေါ်လာပြီး စိုးရိမ်မှုများ မြင့်တက်လာပါသည်။  ဓာတ်မြေသြဇာတင်သွင်းမှု ခက်ခဲခြင်း ကြောင့် ယခင်ကထက် ၁၅ ရာခိုင်နှုန်းခန့် ထုတ်လုပ်မှု လျော့ကျနိုင်ပါသည်။

ကမ္ဘာ့ဈေးကွက်တွင် ယူကရိန်း၏ လယ်ယာထွက်ကုန် တင်ပို့မှုပမာဏအတိုင်း စားနပ်ရိက္ခာ လိုအပ်ချက် ဖြည့်ဆည်းရန် မလွယ်ကူသည့်အတွက်  ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုကို အကြပ်ရိုက်စေခဲ့ပါသည်။ မျှော်မှန်းထား၍ မရနိုင်သည့်အခြေအနေများကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် စားနပ် ရိက္ခာဖူလုံရေးအစီအမံများ ချမှတ်ဆောင်ရွက်လာကြပါသည်။ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာများအရ နိုင်ငံအများစုတွင် ဂျုံတင်ပို့မှု ရပ်ဆိုင်းရန် သို့မဟုတ် လျှော့ချရန် အစီအမံများ လုပ်ဆောင်လာသည်ကို တွေ့ရှိရပါသည်။ ယင်းအခြေအနေသည် ကမ္ဘာ့သီးနှံကုန်သွယ်မှု၏ ၂၅ ရာခိုင်နှုန်းအထိ ထိခိုက်ခဲ့ခြင်း ဖြစ်ပြီး အဓိကအားဖြင့် ဂျုံနှင့် နေကြာဆီ မရရှိနိုင်တော့သည့်အတွက် ကမ္ဘာ့စားသောက်ကုန်ဈေးကွက်တွင် ဈေးနှုန်းများသိသိသာသာ မြင့်တက်လာပါသည်။

ထောက်ပံ့ရေးကွင်းဆက် ထိခိုက်လာသည့်အတွက် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာကာ အစာရေစာပြတ်လပ်မှုနှင့် ငတ်မွတ်မှုတို့ကို ဖြစ်ပေါ်လာစေမည့် အခြေအနေဖြစ်ပါသည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ သီးနှံစျေးနှုန်းညွှန်းကိန်းအရ ယခုနှစ် မေလတွင် ၁၇၃.၄ တွင် ရှိနေပြီး ယခင်နှစ် ကာလတူနှိုင်းယှဉ်ချက်အရ ၂၉.၇ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဂျုံဈေးသည် လေးလဆက်တိုက် ဆက်လက်မြင့်တက်လျက်ရှိပြီး ယခင်နှစ် ကာလတူနှိုင်းယှဉ်ချက်အရ ၅၆.၂ ရာခိုင်နှုန်း မြင့်တက်လာပါသည်။ ကမ္ဘာ့ဘဏ်၏ ကုန်စည်ဈေးကွက် ခန့်မှန်းချက်အရ စားသောက်ကုန်ထုတ်လုပ်မှုစရိတ်သည်လည်း ခုန်တက်မည်ဟု ခန့်မှန်းထားပြီး ကုလသမဂ္ဂစားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်းတွင်လည်း နှစ် ၆၀ အတွင်း အမြင့်ဆုံးဖြစ်ကြောင်း ဖော်ပြထားပါသည်။

ယူကရိန်း ဝင်ရောက်တိုက်ခိုက်ခံရခြင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးကွင်းဆက် ထိခိုက်ခြင်း ဆက်စပ်မှုကို လေ့လာရာတွင် ယူကရိန်းပို့ကုန်များ တင်ပို့ရောင်းချမှု ရပ်တန့်သွားခြင်းသည် အဓိကအချက်ဖြစ်ပါသည်။ ယခုအခြေအနေတွင် ယူကရိန်းဆိပ်ကမ်းများ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိရေးသည် အရေးအကြီးဆုံးဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍကို ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ယူကရိန်းသည် လစဉ် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုအားလုံး၏ ၉၀ ရာခိုင်နှုန်းသည် ပင်လယ်နက် (Black Sea) နှင့် အက်ဇော့ဖ်ပင်လယ် (Azov Sea) ဆိပ်ကမ်းများမှ တင်ပို့ခဲ့ခြင်းဖြစ်ပြီး  လစဉ် တန်ချိန် ၅ သန်းမှ ၆ သန်းထိ တင်ပို့နေခြင်းဖြစ်သည်။ လက်ရှိတွင် ရုရှားဘက်မှ ပင်လယ်နက်အတွင်း စိုက်ပျိုးရေးထုတ်ကုန်များ တင်ဆောင်ထားသော ကုန်တင်သင်္ဘော အစီး ၄၀ ခန့်ကို ပိတ်ဆို့ တားမြစ်ထားပါသည်။

ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ကောင်းမွန်ရန်လိုအပ်ပြီး ကမ္ဘာ့ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းရန် ယူကရိန်းအနေဖြင့် စိုက်ပျိုးရေးကဏ္ဍနှင့် ပို့ကုန်တိုးမြှင့်ရေးကို ပြန်လည်တွန်းအားပေး ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ နှစ်နိုင်ငံအကြား စစ်ရေးအခြေအနေ တင်းမာမှုများ လျော့ကျလာခြင်းမရှိပါက ကောက်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် တင်ပို့မှုများ ပုံမှန်ပြန်ဖြစ်လာရန်နှင့် ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်မှု၏   ဆိုးကျိုးများအတွက် နှစ်ပေါင်းများစွာ အချိန်ယူရမည်ဟု ခန့်မှန်းထားကြပါသည်။ တောင်သူများသည် ချေးငွေများ ပြန်မဆပ်နိုင်ဘဲ ၎င်းတို့စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံများကို ရသည့်ဈေးဖြင့် ရောင်းချရန်နည်းလမ်းမှအပ အခြားရွေးချယ်စရာ မရှိသည့်အခြေအနေဖြင့် ရင်ဆိုင်နေရသည်။

ယူကရိန်းသည် လက်ရှိတွင် ထရပ်ကားများ၊ မီးရထားနှင့် မြစ်ကြောင်းတွင်း သယ်ယူပို့ဆောင်ရေး ယာဉ်များဖြင့် ပို့ကုန်တင်ပို့ရန် လမ်းကြောင်းသစ်အတွက် ကြိုးစားလျက်ရှိပြီး UA Minagro တွင် ဖော်ပြချက်အရ ကောက်ပဲသီးနှံနှင့် ဆီထွက်သီးနှံများကို တန်ချိန် ၁.၂ သန်းခန့် မှ ၂.၁၇ သန်းအထိ တင်ပို့ရန် လျာထားပြီးဖြစ်ပါသည်။

ယူကရိန်းသည် လက်ရှိတွင် ကောက်နှံတန်ချိန် သန်း ၄၀ ခန့် သိုလှောင်ထားပြီး ဇူလိုင်လကုန်တွင် ထက်ဝက်ခန့်ကို မဖြစ်မနေတင်ပို့ရမည်ဖြစ်ပါသည်။ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် ထည့်သွင်းစဉ်းစားခြင်းမပြုနိုင်သေးခင် ဦးစားပေးဖြေရှင်းရမည့်အချက်မှာ လာမည့်ရိတ်သိမ်းရာသီတွင် ကောက်နှံများ ထပ်မံသိုလှောင်နိုင်ရန် ယူကရိန်း၏ ကောက်နှံတန်ချိန် သန်းပေါင်း ၂၀ ကို သုံးလခန့် အတွင်း တင်ပို့ရန်ဖြစ်ပါသည်။

အီးယူနှင့် ယူကရိန်းအကြား ဆက်ဆံရေးမှာ အတော်အသင့် ကောင်းမွန်လျက်ရှိပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လ တွင် ကုန်းလမ်းကုန်စည်ပို့ဆောင်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ရာ အီးယူ နိုင်ငံများသို့ တင်ပို့ရာတွင် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးမည်ဖြစ်ပါသည်။ အီးယူ-ယူကရိန်း သဘောတူညီမှု (Solidarity Lanes) သည် မရှိမဖြစ်လိုအပ်သော သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတစ်ခု တည်ထောင်ရန်ဖြစ်ပြီး  လက်ရှိအခြေအနေတွင် အရေးပေါ်တုံ့ပြန် ချက် တစ်ခုအဖြစ်သာမက ကာလလတ်နှင့် ကာလရှည် မျှော်မှန်းချက်များ ပါဝင်သည်ကို တွေ့ရှိရပါ သည်။ နယ်စပ်နိုင်ငံများကလည်း သီးနှံတင်ပို့နိုင်ရေးအတွက် ကုန်စည်သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းစဉ်များကို သိသိသာသာ လျှော့ချပေးခဲ့ပြီး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ရုရှား-ယူကရိန်း နှစ်နိုင်ငံအကြား ချုပ်ဆိုခဲ့သည့် ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု သဘော တူညီချက်အရ ပိတ်ဆို့ခံထားရသော ပင်လယ်နက်ဆိပ်ကမ်းများမှ ကောက်ပဲသီးနှံများ ပြန်လည် တင်ပို့မည့်လမ်းကြောင်း 

နောက်ဆုံးအခြေအနေအရ ရုရှား-ယူကရိန်း နှစ်နိုင်ငံအကြား Black Sea Initiative ပင်လယ်နက် သဘောတူညီချက် တစ်ခုကို ယူကရိန်း အခြေခံအဆောက်အအုံဆိုင်ရာဝန်ကြီး Oleksandr Kubrakov နှင့် ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu တို့က လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ သဘောတူညီချက်အရ ယူကရိန်းဆိပ်ကမ်းများသို့ ကောက်ပဲသီးနှံများ လာရောက်သယ်ယူမည့် ကုန်တင်သင်္ဘောများအား လက်နက်သယ်ဆောင်လာခြင်း ရှိ မရှိကို တူကီယဲ၊ ယူကရိန်းနှင့် ကုလသမဂ္ဂတပ်ဖွဲ့ဝင်များက စစ်ဆေးပြီး ခွင့်ပြုပေးသွားမည်ဟု ဖော်ပြထားပါသည်။

 

 

လဲ့လဲ့နှင်း (MYANTRADE)

Source: Leadership

https://leadership.ng/ukraine-russian-war-real-threat-to-global-food-security-enifome/   

https://www.youtube.com/watch?v=voZYdvgrjrg

Category: International News