International News

ကမ္ဘာ့စီးပွားရေးသည် ၄.၅ ရာခိုင်နှုန်း ကျဆင်းနိုင်သည်ဟု OECD သတိပေး

Last Updated:

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပျံ့နှံ့ကူးစပ်မှုကြောင့် ကမ္ဘာ့စီးပွားရေးသည်  ဒုတိယကမ္ဘာစစ်ပြီးကတည်းက အဆိုးဆုံး သိသိသာသာ ကျဆင်းလာခဲ့ကြောင်း၊ ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေးသည် ၄.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း၊ ဒုတိယအကြော့ဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက် လာပါကကမ္ဘာ့စီးပွားရေးသည် ၇.၆ ရာခိုင်နှုန်း ကျဆင်းနိုင်သည်ဟု ယခင်ကကြိုတင် ခန့်မှန်းထားသည်ထက် အခြေအနေပိုကောင်းနိုင်ကြောင်း စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD ) က ၁၆.၉.၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

အိန္ဒိယနှင့် မက္ကဆီကိုကဲ့သို့သော ထွန်းသစ်စနိုင်ငံတစ်ချို့တွင် စီးပွားရေးပိုမိုကျဆင်းလာနိုင်ကြောင်း၊ ကမ္ဘာကြီးသည် ကျန်းမာရေးအကျပ်အတည်း နှင့် ရင်ဆိုင်နေရသည့်အတွက် စီးပွားရေးကျဆင်းလျက်ရှိပြီး ကျန်းမာရေးအကျပ်အတည်း မည်သည့်အချိန် ပြီးဆုံးမည်ကို မခန့်မှန်းနိုင်ကြောင်း OECD စီးပွားရေးပညာရှင်ချုပ် (chief economist) ဖြစ်သူ Ms. Laurence Boone ကဆိုပါသည်။ ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့ထုတ်လုပ်မှုသည် ၅ ရာခိုင်နှုန်းတိုးတက်လာနိုင်သော်လည်း အကြောင်းရင်းများစွာကြောင့် ကြိုတင်ခန့်မှန်းမှုသည်လည်း မသေချာသည့် အနေအထားတွင်ရှိကြောင်း ၎င်းကဆိုပါသည်။ OECD ၏အစီရင်ခံစာတွင် ဗိုင်းရပ်စ်ပျံ့နှံ့ကူးစပ်သည့် အခြေအနေတွင် ပြည်သူများအတွက် ကျန်းမာရေးအစီအမံများနှင့် ကန့်သတ်ချက်များ၊ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်ချက်နှင့် အလုပ်အကိုင်များ ဆက်လက်တည်မြဲနေစေရေးနှင့် စီးပွားရေး လုပ်ငန်းများအောင်မြင်နေစေရေးအတွက် အစိုးရထောက်ပံ့မှုများသည် ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့လာစေရေးအတွက် အဓိကထည့်သွင်း စဉ်းစားရမည့် အကြောင်းရင်းများဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့ထုတ်လုပ်မှုပမာဏသည် ခန့်မှန်ထားသလောက် ကျဆင်းခြင်းမရှိကြောင်း၊ တရုတ်၊ အမေရိကန်နှင့် ဥရောပနိုင်ငံများသည် မျှော်လင့်ထား သည်ထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ကြကြောင်း၊ သို့သော် အိန္ဒိယ၊ မက္ကဆီကို၊ တောင်အာဖရိက၊ အာဂျင်တီးနားနှင့် အင်္ဂလန်နိုင်ငံ တို့သည် ခန့်မှန်းထားသည်ထက် ပိုမိုဆိုးဝါးစွာ ဆောင်ရွက်ခဲ့ကြကြောင်း၊ ကမ္ဘာ့ထုတ်လု်ပမှုကို ယခုနှစ်တွင် ၁၀ ရာခိုင်နှုန်းခန့်ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားခဲ့သော်လည်း တိုးမြှင့်ဆောင်ရွက်နိုင်ကြသည်ကို တွေ့ရကြောင်းဖော်ပြထားပါသည်။

ချမ်းသာသည့်ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဗဟိုဘဏ်နှင့် အစိုးရသည် ဗိုင်းရပ်ကပ်ရောဂါ အဆိုးဝါးဆုံး သက်ရောက်မှုမရှိစေရန် ငွေကြေးအမေရိကန် ဒေါ်လာ ထရီလီယံများစွာကို စီးပွားရေးနိုးကြားရေးအတွက် ထုတ်သုံးစွဲကြသည်။ အစိုးရများသည် တင်းကြပ်သည့် ငွေကြေးမူဝါဒ လျှင်လျှင် မြန်မြန်ချမှတ်သည့်အမှားကို ရှောင်ရှားရန် အရေးကြီးကြောင်း၊ အစိုးရထောက်ပံ့မှု ဆက်လက်မရရှိပါက စီးပွားရေးလုပ်ငန်းများ ဒေဝါလီခံခြင်း၊ ဝန်ထမ်းများ အလုပ်လက်မဲ့ ဖြစ်ခြင်းတို့ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း Ms. Boone ကဆိုပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

Source: The Wall Street Journal

 

Category: International News