International News

ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်တင်သင်္ဘောသည် ဂျပန်နိုင်ငံသို့ လောင်စာဆီရင်းမြစ် တင်ပို့နိုင်မှု အလားအလာကို စမ်းသပ်ရန် သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်သို့ ရောက်ရှိခဲ့ခြင်း

Last Updated:

သြစတြေးလျနှင့်ဂျပန်ကြားဟိုက်ဒရိုဂျင် တင်ပို့ရောင်းချမှု စျေးကွက်၏ ရှင်သန်နိုင်စွမ်းကို စမ်းသပ်ရန် ပရောဂျက်တစ်ခုအဖြစ် ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်အရည် သယ်ဆောင်သည့် သင်္ဘောသည် သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်သို့ ရောက်ရှိလာပြီဖြစ်သည်။ Suiso Frontier သင်္ဘောသည် မဲလ်ဘုန်းမြို့အရှေ့ဘက်ရှိ Hastings ဆိပ်ကမ်းတွင် ၂၀-၁-၂၀၂၂ ရက်နေ့က ဆိုက်ကပ်ခဲ့ပြီး၊  Hydrogen Energy Supply Chain (HESC) ပရောဂျက်၏ တစ်စိတ် တစ်ပိုင်းအရ ထုတ်လုပ်သော ဟိုက်ဒရိုဂျင်ကို ဂျပန်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။

HESC ရှေ့ပြေးပရောဂျက်သည် Latrobe တောင်ကြားရှိ Loy Yang အညိုရောင် ကျောက်မီးသွေးတွင်းတွင် တူးဖော်ရရှိသည့် ကျောက်မီးသွေးကို အသုံးပြု၍ ဟိုက်ဒရိုဂျင် ဖန်တီးနိုင်မှုရှိ-မရှိကို စမ်းသပ်လျက်ရှိပြီး၊ သုံးစွဲရန်အတွက် ဂျပန်နိုင်ငံသို့ တင်ပို့မည်ဖြစ်သည်။ အဆိုပါ သတ္တုတွင်းသည် ယမန်နှစ်က ယင်း၏ ပထမဆုံးသော ဟိုက်ဒရိုဂျင်ကို စတင်ထုတ်လုပ်ခဲ့သည်။ အဆိုပါ စီမံကိန်းကို သြစတြေးလျနှင့်ဂျပန် ကုမ္ပဏီများဖြစ်သည့် Kawasaki အကြီးစား ထုတ်လုပ်မှု၊ ဂျပန်စွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် J-Power နှင့်  AGL တို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။ ဟိုက်ဒရိုဂျင်ကိုမတင်ပို့မီအရည်မှဓာတ်ငွေ့ပုံစံအဖြစ် ပို့ဆောင်မည်ဖြစ်ကြောင်းသိရှိရသည်။ အဆိုပါစီမံကိန်းသည် ဗစ်တိုးရီးယားနှင့် ဗဟိုအစိုးရများထံမှ ဒေါ်လာ သန်း ၁၀၀ လက်ခံရရှိခဲ့သည်။

စုစုပေါင်း အကြမ်းဖျဉ်း တန်ချိန် ၈၀၀၀ ရှိသော Suiso Frontier သည် ဂျပန်နိုင်ငံ၊ ကိုဘေးမြို့သို့ ဟိုက်ဒရိုဂျင်အရည်များ ပို့ဆောင်ရန် နှစ်ပတ်ကြာမြင့်မည်ဖြစ်သည်။ ယင်း၏ အဓိက အင်္ဂါရပ်မှာ ၁,၂၅၀ ကုဗမီတာ ဝင်ဆံ့သည့် သိုလှောင်ကန်ပါရှိပြီး၊ ဓာတ်ငွေ့ အခြေအနေတွင် ယင်းမူလထုထည်၏ ၀.၁၂၅ % ရှိ ဟိုက်ဒရိုဂျင်အရည်ကို သယ်ဆောင်နိုင်စွမ်းရှိသည်။

ဟိုက်ဒရိုဂျင်သည် အသုံးပြုသောအခါတွင် လောင်ကျွမ်းရာတွင် သန့်ရှင်းမှုရှိသောကြောင့် အနာဂတ်၏ စွမ်းအင်ရင်းမြစ်တစ်ခုအဖြစ် ရှုမြင်နေကြပြီဖြစ်သည်။ အစိမ်းရောင် ဟိုက်ဒရိုဂျင် (ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်လုပ်သည်) နှင့် အညိုရောင် ဟိုက်ဒရိုဂျင် (အညိုရောင်ကျောက်မီးသွေးမှ ထုတ်လုပ်သည်) အပါအဝင် ၎င်းကို ထုတ်လုပ်ပုံပေါ်မူတည်၍ အရောင်ကုဒ်စနစ်ဖြင့် ခွဲခြားထားသည်။ ကျောက်မီးသွေးမှ ဟိုက်ဒရိုဂျင်ထုတ်လုပ်ခြင်းဖြင့် ကာဗွန်ထုတ်လွှတ်မှုများကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့များက HESC စီမံကိန်းကို ဝေဖန်ခဲ့ကြသည်။ သို့သော် ဓာတ်ငွေ့ထုတ်လွှတ်မှုကို ဖမ်းယူသိမ်းဆည်းထားနိုင်ခြင်းမရှိပါက ပရောဂျက်ကို စီးပွားဖြစ်ထုတ်လုပ်မည်မဟုတ်ကြောင်း လုပ်ငန်းစုမှ ပြောကြားခဲ့သည်။ ဗစ်တိုး ရီးယားပြည်နယ်အစိုးရသည် ဒေသတွင်းစက်မှုလုပ်ငန်းမှထုတ်လွှတ်မှုများကို ဖမ်းယူကာ Bass ရေလက်ကြားရှိ အသုံးမပြုတော့သည့် ဓာတ်ငွေ့နှင့် ရေနံတွင်းများတွင် သိမ်းဆည်းခြင်း ရှိ-မရှိ ဖြစ်နိုင်ချေကို စုံစမ်းစစ်ဆေးရန် Carbon Net ပရောဂျက်ကို ဖော်ဆောင်လျက်ရှိကြောင်း သိရှိ ရသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

www.abc.net.au

Category: International News