International News

ကလိုရိုကွင်း ငှက်ဖျားရောဂါကုသဆေးများ ပြည်ပတင်ပို့မှုအား အိန္ဒိယအစိုးရက အပြည့်အဝ တားမြစ်ပိတ်ပင်လိုက်ခြင်း

Last Updated:

ငှက်ဖျားရောဂါကုသရာ၌ အသုံးပြုသော ဟိုက်ဒရောဆီကလိုရိုကွင်း (Hydroxychloro-quine) ပါဝင်သည့် ဆေးဝါးများဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာများအား  စမ်းသပ်ကုသရာတွင် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုရှိကြောင်း တွေ့ရှိရပြီးနောက် အိန္ဒိယအစိုးရသည် ပို့ကုန်ဆိုင်ရာ မူဝါဒဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၄/၂၀၁၅-၂၀၂၀ ကို ၂၅.၃.၂၀၂၀ နေ့၌ ထုတ်ပြန်လျက် အဆိုပါဆေးဝါးများအား ပြည်ပသို့တင်ပို့ခြင်းမှ တားမြစ် ပိတ်ပင်ခဲ့ပါသည်။

သို့ရာတွင် ၎င်းအမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့ရက်မတိုင်မီ ကြိုတင်၍ ပို့ကုန်လိုင်စင် ခွင့်ပြုချက်ရယူလျက် အထူးစီးပွားရေးဇုန်များနှင့် ပို့ကုန် ဦးစားပေးကုန်ထုတ်လုပ်မှုယူနစ် (EOU) များ၌ ပြည်ပတင်ပို့ရန် ဆေးဝါးထုတ်လုပ်မှုများနှင့် အဆိုပါဆေးဝါးများတင်ပို့ရန်အတွက် ပြည်ပ ဝယ်ယူသူထံမှ ကုန်ဖိုးကြိုတင်ငွေ ရယူထားပြီးဖြစ်သည့် စာချုပ်ချုပ်ဆိုထားရှိမှုကိစ္စရပ်များအား ကင်းလွတ်ခွင့်ပြုထားခဲ့ပါသည်။

ယခုအခါ ပြည်တွင်း၌ နေ့စဉ်နှင့်အမျှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ပိုမိုများပြားလာသည့်အပြင် ပြည်ပဈေးကွက်မှ ဝယ်လိုအားသည်လည်း တိုးတက်များပြားလာခဲ့ရာ ပြည်တွင်း ဆေးဝါးဖူလုံမှုရှိစေရေးကို ခိုင်မာသေချာစေရန်အတွက် အထက်ပါကင်းလွတ်ခွင့်ပြုထားမှုအား ပယ်ဖျက်လျက် Hydroxychloroquine ပါဝင်သည့် ဆေးဝါးများ ပြည်ပတင်ပို့ခြင်းကို အပြည့်အဝ တားမြစ်ပိတ်ပင်လိုက်ကြောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ပို့ကုန်မူဝါဒပြင်ဆင်သည့် အမိန့်ကြော်ငြာစာကို ၄.၄.၂၀၂၀ နေ့တွင် ထပ်မံထုတ်ပြန် လိုက်ပါသည်။ သို့ဖြစ်ရာ ပြည်ပနိုင်ငံများအနေဖြင့် အစိုးရချင်းညှိနှိုင်း ဆောင် ရွက်မှုဖြင့်သာ Hydroxychloroquine ဆေးဝါးများအား အိန္ဒိယနိုင်ငံထံမှ ဝယ်ယူနိုင်တော့မည် ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         Notification No.1/2015-2020 dated 4th Apr 2020 of Directorate General of Foreign Trade, Ministry of Commerce and Industry of India

Category: International News