International News

ကိုဗစ်-၁၉ ကပ်ရောဂါ အလွန်ကာလတွင် မဟာဗျူဟာမြောက် စီးပွားရေး အမှီအခိုကင်းမှုကို အီးယူရည်ရွယ်

Last Updated:

ဆေးဝါးများနှင့် အခြားစက်ပစ္စည်း အစိတ်အပိုင်းများ ကဲ့သို့သော ထုတ်ကုန်များ ထုတ်လုပ်မှုတွင် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများအပေါ် မှီခိုရနေရခြင်းကြောင့် ဥရောပ သမဂ္ဂ၏ စီးပွားရေးကို ပိုမိုအမှီအခိုကင်းသည့် ပုံစံအဖြစ် ပြန်လည် တည်ဆောက်သွားလိုကြောင်း ဥရောပကောင်စီဥက္ကဌ Charles Michelက ဘရပ်ဆဲလ်စီးပွားရေးဖိုရမ်တွင် ပြောကြား ခဲ့ပြီး၊ မရှိမဖြစ် အရေးပါသော ထုတ်ကုန်များတွင် အီးယူ၏ မဟာဗျူဟာမြောက် အမှီအခိုကင်းမှုရရှိရေးသည် ရာစုနှစ်အတွက် အီးယူ၏ စီမံချက်များပင်ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။

        အီးယူ၏ စက်မှုလုပ်ငန်းမဟာဗျူဟာသည် အမှီအခိုကင်းလွတ်မှု ပိုမိုရရှိရေးကို အားပေးသွား မည်ဖြစ်ပြီး၊ နိုင်ငံသားများ၏ သာယာဝပြောမှုအတွက် လိုအပ်သော အရင်းအမြစ်များအားလုံးကို ရရှိနိုင်မှု သေချာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မရှိမဖြစ်အရေးကြီးသော ထုတ်ကုန် ပစ္စည်းများနှင့် ဆေးဝါးများကို အမှီအခိုကင်းစွာ ထုတ်လုပ်နိုင်ရေးလည်း ပါဝင်ကြောင်း ၎င်းကဆိုသည်။

ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ဆေးဝါးများနှင့် မော်တော်ကားထုတ်လုပ်မှုလုပ်ငန်းများတွင် အသုံးပြုသော ကုန်ကြမ်းများ၏(၈၀) ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးနေသည့် တရုတ်နိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းအများ အပြားကို ပြီးခဲ့သည့်ဖေဖော်ဝါရီလက ပိတ်သိမ်းထားရပြီးနောက် ဥရောပစီးပွားရေး၏ ထုတ်လုပ်မှု ကွင်းဆက်နှင့်ပတ်သက်၍ အီးယူနိုင်ငံများက စိုးရိမ်ပူပန်မှုရှိခဲ့ကြကြောင်း သိရသည်။ ဥရောပ၏စီးပွားရေး မဟာဗျူဟာမြောက်စွာဖြင့် အမှီအခိုကင်းရေးမှာ မိမိတို့၏ ဘုံအကျိုးစီးပွားများ အားလုံးအတွက် ရာစုနှစ် ဘုံစီမံကိန်းအသစ်တစ်ရပ်ဖြစ်ပြီး၊ ယင်းသည် မိမိတို့၏ နောင်မျိုးဆက်များအတွက် နံပါတ်တစ် ရည်မှန်းချက် လည်းဖြစ်သည်ဟု Charles Michel က ပြောကြားခဲ့ကြောင်း သိရသည်။

Source: https://mitcygn.blogspot.com

Category: International News