International News

ကိုရိုနာဗိုင်းရပ်စ်သည်ကမ္ဘာ့စီးပွားရေးပုံစံကိုသိသိသာသာပြောင်းလဲစေလိမ့်မည်ဟုဥရောပဗဟိုဘဏ်ဥက္ကဌ ပြောကြားခဲ့ခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် စီးပွားရေးအကျပ်အတည်းဖြစ်ပေါ်မှုသည် ဂေဟစနစ်နှင့် ဒစ်ဂျစ်တယ်ပုံစံဆီသို့ ပိုမို၍ ဦးတည်စေခြင်းဖြင့် ကမ္ဘာ့ စီးပွားရေးတွင် သိသာသောအပြောင်းအလဲကို ဖြစ်ပေါ်စေလိမ့်မည်ဟု ဥရောပဗဟိုဘဏ်ဥက္ကဌ Christine Lagarde က ပြောကြားခဲ့ကြောင်း၊  ကိုရိုနာ ဗိုင်းရပ်စ်ကပ်ရောဂါအကျပ်အတည်းသည် မိမိတို့၏စီးပွားရေးတွင်ရှိပြီးသားဖြစ်သည့် အသွင်ကူးပြောင်းမှုများကို ပိုမိုအရှိန်မြှင့်တင် ပေးလိမ့်မည်ဖြစ်ပြီး၊ ဥရောပသည်ယင်းအတွက် အကောင်းဆုံးအခြေအနေတစ်ရပ်တွင် ရှိနေကြောင်းကို ဗီဒီယိုကွန်ဖရင့်ဖြင့်ပြုလုပ်သော အစည်းအဝေးတွင် ဥရောပ ဗဟိုဘဏ်၏ အကြီးအကဲက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ပြီးခဲ့သည့်လအနည်းငယ်အတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ၊ လုပ်သားကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍစသည့်ကဏ္ဍများ၏ အတွေ့အကြုံများအရ ပိုမို၍ ရေရှည် တည်တံ့ပြီး ဂေဟစနစ်နည်းလမ်းဖြင့် နေထိုင်မှုပုံစံဆီသို့ ဆင့်ကဲပြောင်းလဲလာနိုင်ဖွယ်ရှိကြောင်း၊ ဥပမာအားဖြင့် နေအိမ်မှတစ်ဆင့် အလုပ်တာဝန်များ ထမ်းဆောင်ခြင်း (telecommuting) ကဲ့သို့သော ပုံစံသည် အလုပ်လုပ်ကိုင်သည့် နည်းလမ်းများကို အသွင်ပြောင်းစေလိမ့်မည်ဖြစ်ပြီး၊ ဝန်ဆောင်မှု လုပ်ငန်းများတွင် ဒစ်ဂျစ်တယ်အသုံးပြုမှုကို အရှိန်မြှင့်တင်ပေးခြင်းနှင့် စက်မှုလုပ်ငန်းများတွင် အလိုအလျောက်လုပ်ဆောင်ခြင်း (automatisation) တို့ကိုတိုးတက်လာစေနိုင်ကြောင်း၊ ကပ်ရောဂါအကျပ်အတည်းကြောင့် ကမ္ဘာ့ supply chains သည် (၃၅) ရာခိုင်နှုန်းခန့်ကျုံ့သွားနိုင်ပြီး၊ စက်ရုပ် အသုံးပြုမှု (robotisation) သည် (၇၀) ရာခိုင်နှုန်းမှ (၇၅) ရာခိုင်နှုန်းခန့်အထိ တိုးတက်လာနိုင်သည်ဟုခန့်မှန်းထားကြောင်းကိုလည်း ၎င်းကပြောကြား ခဲ့ပါသည်။

ကပ်ရောဂါကြောင့် ကမ္ဘာ့လူဦးရေ၏အများစုသည် တစ်ချိန်တည်း၌ မိမိတို့၏ နေအိမ်များ၌သာ မဖြစ်မနေ နေထိုင်ကြရခြင်းကြောင့် အွန်လိုင်းစီးပွားရေး လုပ်ကိုင်မှုပုံစံများ တိုးတက်လာခဲ့ပြီး၊ ယင်းရေစီးကြောင်းမှာ ဆက်လက်တိုးတက်ဖွယ်ရှိသည်ဟု ခန့်မှန်းထား ကြောင်း၊ ဥရောပသည် အဆိုပါ ကူးပြောင်းမှုဖြစ်စဉ်သို့ ပါဝင်နိုင်ရေးအကောင်းဆုံးအနေအထားတစ်ရပ်တွင် ရှိနေကြောင်း၊ ဥရောပအနေဖြင့် ကမ္ဘာ့အကြီးဆုံး circular economy နှင့် ဂေဟဆိုင်ရာ တီထွင်ဆန်းသစ်မှုကဏ္ဍတို့ကို ပိုင်ဆိုင်ထားပြီး၊ ယူရိုငွေကြေးမှာလည်း green bonds များထုတ်ပေးခြင်းအတွက် ပထမဆုံး အသုံးပြုသည့် ငွေကြေးဖြစ်ကြောင်း၊ သို့ရာတွင်လိုအပ်သည့် ဘဏ္ဍာရေးအရင်းအမြစ်များကို ရွှေ့ပြောင်းနိုင်စေမည့် စီးပွားရေးမူဝါဒဆိုင်ရာမူဘောင်တစ်ရပ်ကို ချမှတ် ရန် လိုအပ်နေဆဲဖြစ်သည်ဟု ဥရောပဗဟိုဘဏ်အကြီးအကဲဖြစ်သူ Lagarde က ထပ်လောင်းပြောကြားခဲ့ကြောင်း ဘရပ်ဆဲလ် တိုင်းမ်၏ ၄-၇-၂၀၂၀ နေ့တွင်သတင်းဖော်ပြထားမှုအရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

Category: International News