International News

ကိုရီးယားလေကြောင်းလိုင်း Korean Air မှနိုင်ငံတကာလေကြောင်းခရီးစဉ်များ ပြန်လည် ပြေးဆွဲမည်

Last Updated:

ကိုရီးယားသမ္မတနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ အမြင့်ဆုံးအချိန်ကာလကို ကျော်ဖြတ်နိုင်တော့မည်ဟု ယူဆရသည့်အတွက် တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းလေကြောင်းလိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် Korean Air မှ လာမည့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း ၄င်းတို့၏ နိုင်ငံတကာလေကြောင်းခရီးစဉ်အချို့ကို ပြန်လည် ဖွင့်လှစ်ပြေးဆွဲသွားမည်ဟု ၇-၅-၂၀၂၀ ရက်နေ့တွင်ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ကုမ္ပဏီ၏ဖော်ပြချက်တွင် ကိုရီးယားလေကြောင်းလိုင်း Korean Air သည် ခရီးသည်များ သွားလာမှုသိသိသာသာကျဆင်းသွားခြင်းကို ကုန်စည် ပို့ဆောင်ရေးတိုးမြှင့် ခြင်းမှတစ်ဆင့် ပြန်လည်ကုစားဆောင်ရွက်နိုင်ရန် ၄င်း၏ နိုင်ငံတကာသို့ပျံသန်းသည့်ခရီးစဉ် (၁၉ ) ခုကို လာမည့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁)ရက်နေ့တွင် ပြန်လည် စတင်ရန်စီစဉ်နေကြောင်း၊ ပြန်လည်ဖွင့်လှစ်မည့် ခရီးစဉ်များတွင် Washington D.C.၊ Seattle၊  Vancouver၊ Toronto၊ Frankfurt၊ Singapore၊ Beijing နှင့် Kuala Lumpur တို့ပါဝင်မည်ဖြစ်သည့်အပြင် မြန်မာနှင့် ဗီယက်နမ်နိုင်ငံများလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ထိုအစီအစဉ်သည် COVID-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ပြုလုပ်ခဲ့ရ သည့်ကန့်သတ်ချက်များကို နိုင်ငံအများစုက ဖြေလျော့ပေးလိုက်သည့်နောက်တွင် တိုးတက်လာမည့် ခရီးသွားလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ခြင်းဖြစ် ကြောင်း သိရှိရပါသည်။

ကိုရီးယားလေကြောင်းလိုင်း Korean Air အနေဖြင့်လက်ရှိတွင် ရက်သတ္တပတ်(၁)ပတ် လျှင်နိုင်ငံတကာသို့ပျံသန်းမည့်လမ်းကြောင်း(၁၃)ခု၌ လေယာဉ်ခရီးစဉ် (၅၅) ခု စီစဉ်ထားပြီး၊ ယခင်ကိုရိုနာဗိုင်းရပ်စ်၏ ရိုက်ခတ်မှုမတိုင်ခင်က ခရီးဝေးလမ်းကြောင်း (၁၁၀) ခု၌ လေယာဉ်ခရီးစဉ် (၉၀၀)ခန့် ပြေးဆွဲနေခဲ့ခြင်းနှင့်နှိုင်းယှဉ်လျှင် သိသိ သာသာလျော့နည်းသွားပါကြောင်း၊ သို့ရာတွင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လမှစတင်၍ နိုင်ငံတကာသို့ပျံသန်းသည့်လမ်းကြောင်း (၃၂) ခုတွင် လေယာဉ် ခရီးစဉ် (၁၄၆) ခုဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကမ္ဘာ့နိုင်ငံအများစုမှ ၄င်းတို့၏နိုင်ငံအဝင်အထွက်များကို ကန့်သတ်ခဲ့ခြင်း (သို့မဟုတ်) ဝင်ရောက်လာမည့် ခရီးသည်များနှင့်ပတ်သက်၍ အခြားသော ကန့်သတ် တိုင်းတာချက်များ ပြုလုပ်ခဲ့ခြင်း စသည်တို့ကြောင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် နိုင်ငံတကာသို့ ပျံသန်းသည့် လေကြောင်းခရီးစဉ်  ၉၀ ရာခိုင်နှုန်းကျော်ကို ရပ်နားထားခဲ့ရပါသည်။

ကိုရီးယားလေကြောင်းလိုင်းက ယင်း၏ကုမ္ပဏီအား ကယ်တင်နိုင်ရန် ကြိုးစားအားထုတ်မှု အစိတ်အပိုင်းတစ်ခုအဖြစ် လုပ်သားအင်အား (၂၀၀၀၀) ၏ ၇၀ ရာခိုင်နှုန်းကို ခွင့် (၆) လပေးခြင်းအား ၇-၅-၂၀၂၀ ရက်နေ့မှစတင်ခဲ့ပြီး လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်ကို ကာမိစေရန် အဓိက မဟုတ်သော ပိုင်ဆိုင်မှုအချို့ရောင်းချသည့် အစီ အစဉ်များကို ပြုလုပ်ခဲ့ကြောင်း၊ ကိုရီးယားငွေကြေး၏ တန်ဖိုးလျော့ခြင်းနှင့် ဝယ်လိုအားနည်းခြင်းတို့ကြောင့် ၂၀၁၉ ခုနှစ်အတွင်း ကိုရီးယားလေကြောင်းလိုင်း၏ အသား တင်ဆုံးရှုံးမှုမှာ ကိုရီးယားဝမ် (၆၂၄) ဘီလီယံအထိရှိခဲ့ပြီး၊ ယခင်နှစ်ကာလတူဖြစ်သော ၂၀၁၈ ခုနှစ်တွင် (၁၈၅.၆၅) ဘီလီယံဆုံးရှုံးခဲ့ခြင်းထက်ပင် ပိုမိုများပြား ခဲ့ကြောင်း၊  ၂၀၂၀ ပြည့်နှစ်၊ ပထမသုံးလပတ်၏ရလဒ်ကို မကြာမီထုတ်ဖော်ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့                                            

Category: International News