(၂၆-၆-၂၀၂၀) ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသန့်စင်သည် ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန (Ministry of Trade, Industry and Energy of Korea)၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဆက်ဆံရေးဗျူရိုဌာန (Bureau of International Trade Relations)မှ ညွှန်ကြားရေးမှူးချုပ် Mr. Yoonjong Chun ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား မြန်မာသံရုံး (ဆိုးလ်မြို့) ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးနှင့် တောင်ကိုရီးယား ကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ် တို့သည် မြန်မာ နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနတို့အကြား ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လအတွင်း ကျင်းပပြုလုပ်ရန်လျာထားသည့် ကုန်သွယ်မှုနှင့် စက်မှုပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင် (Joint Commission for Trade and Industrial Cooperation-JCTIC) ဆိုင်ရာအစည်းအဝေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ မိမိတို့နိုင်ငံများအလိုက် COVID-19 ဆိုင်ရာ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆောင်ရွက်နေမှုအခြေအနေများ၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် လုပ်ငန်းလိုအပ်ချက်အရ အထူးပြည်ဝင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့် COVID-19 သည် ကမ္ဘာ့နှင့် အဝှမ်းတွင် မည်မျှကြာမြင့်ဦးမည်ကို မသိရှိနိုင်သည့် အတွက်လက်ရှိအခြေအနေကြားမှပင် ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များကိုဆောင်ရွက်လျက် နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေးရာပူးပေါင်းဆောင်ရွက်မှုများကို အရှိန် အဟုန် မြှင့်တင်၍ ဆောင်ရွက်သွားကြရန်ကိစ္စတို့အား အလေးပေး ဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင် မြန်မာသံအမတ်ကြီးမှ မြန်မာနိုင်ငံ၏စိုက်ပျိုးရေးထွက်ကုန်များ ကိုရီးယားသမ္မတနိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ကိုရီးယားသမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံတွင် ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်ကိစ္စများအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားကြရန် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)