International News

ကိုရီးယားသမ္မတနိုင်ငံ၏ ၂၀၂၁ ခုနှစ်အတွက် တစ်နာရီလျှင် ရရှိမည့် အနိမ့်ဆုံး အခြေခံလုပ်ခလစာနှုန်းအား (၈၇၂၀) ဝမ်အဖြစ် (၁.၅) ရာခိုင်နှုန်းတိုးမြှင့်၍ သတ်မှတ်ရန် ဆုံးဖြတ်

Last Updated:

ကိုရီးယားသမ္မတနိုင်ငံ၊ အနိမ့်ဆုံးအခြေခံလစာနှုန်းထား သတ်မှတ်ရေးကော်မရှင် (Minimum Wages Commission-) သည် ၂၀၂၁ ခုနှစ်အတွက် တစ်နာရီလျှင်ရရှိမည့် အနိမ့်ဆုံး အခြေခံလုပ်ခလစာနှုန်းအား (၈၇၂၀) ဝမ် (အမေရိကန်ဒေါ်လာ ၇.၂၆) အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ကြောင်း  (၁၄-၇-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် Sejong Government Complex ၌ကျင်းပခဲ့သည့် MWC ၏ (၉)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးက ကြေညာခဲ့ပါသည်။ အဆိုပါနှုန်းထားသည် လက်ရှိ ၂၀၂၀ ပြည့်နှစ်၏နှုန်းထားထက် (၁.၅) ရာခိုင်နှုန်း၊ ငွေကြေး အားဖြင့် (၁၃၀)ဝမ်သာ ပိုမိုကြောင်း၊ COVID-19ဆိုင်ရာ စီးပွားရေးအခက်အခဲကာလဖြစ်သည့်အတွက် ယင်းတိုးမြှင့် မှုနှုန်းထားသည် အနိမ့်ဆုံးအခြေခံလုပ်ခလစာနှုန်းစနစ်ကို ကိုရီးယားသမ္မတနိုင်ငံတွင် စတင်ကျင့်သုံးခဲ့သည့် (၁၉၈၈)ခုနှစ်မှစ၍ လက်ရှိကာလအထိ သက်တမ်း တစ်လျောက်တွင် အနိမ့်ဆုံးသောရာခိုင်နှုန်းဖြင့် တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်တွင် ၂၀၂၀ ပြည့်နှစ်အတွက် နှုန်းထားအား ဆုံးဖြတ်ခဲ့စဉ်က (၂.၇)ရာခိုင်နှုန်းသာတိုးမြှင့်ခဲ့သည့်အတွက် အာရှဘဏ္ဍာရေးအကျပ်အတည်း (၁၉၉၈) ခုနှစ် နောက်ပိုင်းတွင် အနိမ့်ဆုံးနှုန်းထားဖြင့် တိုးမြှင့်မှုဖြစ်ကြောင်း ဝေဖန်သုံးသပ်ခဲ့ကြသော်လည်း၊ ယခုနောက်ဆုံးနှုန်းထားတိုးမြှင့်သတ်မှတ်မှုရာခိုင်နှုန်းသည် ယင်းထက်ပင် ပိုမိုနည်းပါးသည့် သက်တမ်းတစ်လျောက်တွင် အနိမ့်ဆုံးသောနှုန်းထားအဖြစ် စံချိန်တင်လျက်ရှိကြောင်း သိရှိရပါသည်။

အလုပ်သမားများ၏  ဝင်ငွေအဆင့်အတန်း မြင့်မားရေးသည် အရေးကြီးသည်မှာ မှန်သော်လည်း ၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးသည် ပိုမိုအရေးကြီးကြောင်း၊ ယခု ကဲ့သို့ COVID-19 ကပ်ရောဂါကြောင့် ကိုရီးယားသမ္မတနိုင်ငံအပါအဝင် ကမ္ဘာနှင့်အဝှမ်း၏စီးပွားရေးသည် မရေရာ မသေချာမှုများ ရင်ဆိုင်နေရသည့်ကာလမျိုးတွင် အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက်မျှတစွာ စဉ်းစားဆုံးဖြတ်ရန် လိုအပ်ကြောင်း၊ ဤဆုံးဖြတ်မှုတွင် ၂၀၂၀ ပြည့်နှစ်အတွက် ၀.၁% အထိသာ အမြင့်ဆုံး တိုးတက်လာနိုင် သည့် စီးပွားရေးတိုးတက်မှုနှုန်းအခြေအနေ၊ ၀.၄ % တိုးတက်နိုင်သည့် Consumer Prices နှင့် ၁% အထိ မြင့်တက်လာနိုင်သည့် လူနေမှုစရိတ်တို့ကိုလည်း ထည့်သွင်း၍ စဉ်းစားခဲ့ရကြောင်း Sookmyung Women’s University ၏ Professor Kwon Soon-won က ထုတ်ဖော် ပြောကြားခဲ့ပါသည်။

အလုပ်သမားအရေးဆောင်ရွက်သူများဘက်ကမူ ယခုနှစ် ဆုံးဖြတ်သည့်နှုန်းထားသည် တိုးမြှင့်သည်ဟု မဆိုနိုင်အောင်ပင် အဆိုးရွားဆုံး နည်းပါးသည့် နှုန်းထားဖြစ် ပါကြောင်း၊ အာရှဘဏ္ဍာရေး အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည့် ၁၉၉၈ ခုနှစ် နှင့် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း နှင့်ရင်ဆိုင်ခဲ့ရသည့် ၂၀၁၀ ခုနှစ်များတွင်ပင် ဤမျှ  မနိမ့်ပါးခဲ့ကြောင်း၊ ၁၉၉၈ ခုနှစ်တွင် (၂.၇) ရာခိုင်နှုန်း၊ ၂၀၀၀ ခုနှစ်တွင် (၂.၇၅) ရာခိုင်နှုန်းဖြင့် အသီးသီး တိုးမြှင့်ပေးနိုင်ခဲ့ကြောင်း ဝေဖန်ပြောဆိုလျက်ရှိကြ ပါသည်။

လုပ်ခနှုန်းထားအား လက်ရှိနှုန်းထားထက်လျှော့ချရန် (သို့မဟုတ်) တိုးမြှင့်မှုမပြုရန် ဆွေးနွေးခဲ့ကြသည့် စီးပွားရေးလုပ်ငန်းရှင်များအရေး ဆောင်ရွက်သူများ ဘက်ကလည်း ယခုကဲ့သို့ (၁.၅) ရာခိုင်နှုန်း တိုးမြှင့်ခဲ့ခြင်းကို မကျေနပ်ကြဘဲ ရေရှည်တွင် အလုပ်ရှင်၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် ဝန်ထုပ်ဝန်ပိုး ပိုမိုလာမည် ဖြစ်ပြီး၊ အစိုးရနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဤ COVID-19 စီးပွားရေးအကျပ်အတည်းတွင် နိုင်ငံ၏စီးပွားရေးလုပ်ငန်းများ မပြိုလဲစေဘဲ ရေရှည်လည်ပတ် နိုင်စေရေးအတွက် ထပ်ဆောင်းဆောင်ရွက်ပေးသင့်သည့် အစီအမံများကို ကြိုတင်စဉ်းစား၍ ပြင်ဆင်ထားသင့်ကြောင်း၊ ပြီးခဲ့သည့် (၃) နှစ်အတွင်း နှုန်းထားအား စုစုပေါင်း (၃၀) ရာခိုင်နှုန်းကျော် တိုးမြှင့်ပေးခဲ့သည့်အတွက် စီးပွားရေးလုပ်ငန်းများလည်ပတ်ရန် လွန်စွာခက်ခဲခဲ့ရသည်မှာ အများအသိပင်ဖြစ်ပြီး၊ ယခုကဲ့သို့ (၁.၅) ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ပေးမည်ဖြစ်၍ စီးပွားရေးလုပ်ငန်းများအနေဖြင့် ရေရှည်ရပ်တည်နိုင်ရန် အလွန်အမင်းခက်ခဲလာမည်ဖြစ်ကြောင်း၊ ဤဆုံးဖြတ်ချက်သည် ငယ်ရွယ်သော အလုပ်အကိုင်အခွင့်အလမ်းရှာဖွေနေသူများနှင့် နေ့စားအလုပ်သမားများ၏ အလုပ်အကိုင်ရှားပါးမှုအခက်အခဲကို ပိုမိုတိုးမြှင့်ရာရောက်ကြောင်း စသဖြင့် The Federation of Korean Industries က သုံးသပ်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အစိုးရပိုင်းမှ တာဝန်ပေးထားသော ကိုယ်စားလှယ်များ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့သည့် ဤအနိမ့်ဆုံးအခြေခံလုပ်ခလစာနှုန်းထားသတ်မှတ်ရေးကိစ္စသည် သင့်လျှော်သည့် ဆုံးဖြတ်ချက်ကို မြန်မြန်မရရှိနိုင်ခဲ့ဘဲ ကိန်းဂဏန်း Figures များအပေါ်တွင် တွက်ချက်လျက် မကြာခဏ ဆုံးဖြတ်ချက်ပြင်ဆင်မှုများ ဆောင်ရွက် ခဲ့ကြသည်ဟု The Korea Enterprises Federation ဝေဖန်ပြောဆိုခဲ့ပါသည်။ အလုပ်သမားအရေးဆောင်ရွက်သူများဘက်မှ မူလတွင် (၁၆.၄)ရာခိုင်နှုန်းအထိ တိုးမြှင့် ခဲ့ရာမှ (၉.၈)ရာခိုင်နှုန်းသို့ ပြောင်းလဲခဲ့ပြီး၊ လုပ်ငန်းရှင်များအရေး ဆောင်ရွက်သူများ ဘက်မှ မူလက (၂.၁) ရာခိုင်နှုန်းအထိ လျှော့ချလိုခဲ့ရာမှ (၁)ရာခိုင်နှုန်းလျှော့ချရန် ပြောင်းလဲဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အနိမ့်ဆုံးလုပ်ခလစာနှုန်းသတ်မှတ်ရေးဆိုင်ရာဥပဒေအရ အဆိုပါ ၂၀၂၁ ခုနှစ်အတွက် နှုန်းထားအသစ်အား အလုပ် သမားဝန်ကြီးမှ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၅)ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ စတင်၍ အသက်ဝင်မည်ဖြစ်ရာ လက်ရှိတွင် သတ်မှတ်နှုန်း ထားအောက် လျော့နည်း၍ လုပ်ခလစာရရှိနေသော ဝန်ထမ်း (၄.၀၈) သန်းသည်လည်း ဤနှုန်းထားအသစ်နှင့်အကျုံးဝင်သဖြင့် အကျိုးခံစားခွင့်ရရှိနိုင်ကြောင်း သိရှိရ ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News