International News

ကြက်နှင့် ကြက်သားတို့အား ဈေးနှုန်းထိန်းချုပ်စာရင်းတွင် ထည့်သွင်းခြင်း

Last Updated:

အစိုးရ၏ ဈေးနှုန်းထိန်းချုပ်မှုစာရင်းတွင်  ကြက်နှင့် ကြက်သားတို့အား ထည့်သွင်းရန်နှင့် ကြက်မွေးမြူသူများ၊ သားသတ်ရုံများ နှင့် အစာစက်ရုံများအတွက် ပိုမိုပြင်းထန်သော အရေးယူမှုများ ချမှတ်ဆောင်ရွက်သွားရန် အဆိုပြုချက်ကို ထိုင်းအစိုးရအဖွဲ့က (၂၄-၁၂-၂၂) ရက်နေ့တွင်   မီးစိမ်းပြခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းအစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ   Rachada Dhnadirel  က အစိုးရ၏ ဈေးနှုန်းထိန်းချုပ်ရေးစာရင်းတွင် ကြက်နှင့် ကြက်သားတို့အား ထည့်သွင်းရခြင်းမှာ အစားအသောက်ဈေးနှုန်းများ မြင့်တက်လာခြင်းမှ ပြည်သူများ၏ အခက်အခဲများကို သက်သာစေရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဈေးနှုန်းထိန်းချုပ်ရေးစာရင်းတွင် အဓိကအားဖြင့် အစားအစာများ၊ လူသုံးကုန် ပစ္စည်းများ၊ လယ်ယာထွက်ကုန်များ၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ တိရစ္ဆာန်အစာ၊ လယ်ထွန်စက်များ၊ စပါး ၊ ရိတ်သိမ်းစက်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက္ကူ၊ ရေနံနှင့်ဆေးဝါးများ အကျုံးဝင်ကြပါသည်။

ဈေးနှုန်းထိန်းချုပ်ရေး    စာရင်းသွင်းထားသော   အစားအစာများတွင် ကြက်သွန်ဖြူ၊ စပါး၊ ကြိတ်ခွဲပြီးဆန်၊ ပြောင်း၊ ကြက်ဉ၊  ပီလောပီနံ၊  ဂျုံမှုန့်၊  သကြား၊ ဝက်သားတို့ပါဝင်ကြပြီး ဈေးနှုန်းထိန်းချုပ်ရေး စာရင်းသွင်းထားသော ဝန်ဆောင်မှုလုပ်ငန်းများတွင် အွန်လိုင်းပို့ဆောင်ရေး စီးပွားရေးလုပ်ငန်းများ၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆေးဘက်ဆိုင် ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊   အခြားကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုပေးသည့် နေရာ များတွင် ငွေပေးချေမှုဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်ကြပါသည်။

ကြက်နှင့် ကြက်သားအပါအဝင် လက်ရှိအားဖြင့် အစိုးရ၏ ဈေးနှုန်းထိန်းချုပ်ရေးစာရင်းတွင် (၅၂) ခု ရှိကြောင်း၊ ၎င်းတို့အနက် (၄၇) ခုမှာ ထုတ်ကုန်ပစ္စည်းများဖြစ်ကြပြီး (၅) ခုမှာ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်ကြကြောင်း သိရှိရပါသည်။

လူနေမှုကုန်ကျစရိတ်များ မြင့်တက်လာမှုကို ကူညီရန်အတွက် ထိုင်းအစိုးရအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ  အဆိုပြုလာသည့် စားသုံးသူများအတွက် သက်သာချောင်ချိရေးအစီအမံများ ဆောင်ရွက်နိုင်ရန် ဗဟိုရန်ပုံ ငွေမှနေ၍ ဘတ်ငွေ (၁.၄၈) ဘီလီယံအား (၁၈.၁.၂၀၂၂) ရက်နေ့တွင် ခွင့်ပြုချထားပေးခဲ့ပြီးဖြစ်ပါသည်။

Ms. Rachada ၏ အဆိုအရ အစိုးရအဖွဲ့သည် (၂၄.၁.၂၀၂၂) ရက်နေ့တွင် ကြက်ကောင်ရေ (၁၀၀,၀၀၀) ကျော် မွေးမြူသည့် လုပ်ငန်းရှင်များနှင့် တစ်ရက်လျှင် ကြက်ကောင်ရေ (၄,၀၀၀) ကျော်သတ်သည့် ကြက်သတ်ရုံများအား အရေအတွက်၊ စတော့ စာရင်း၊ လစဉ်အရောင်းကုန်ကျငွေတို့အား အစီရင်ခံတင်ပြဆောင်ရွက်သွားရန်ကိစ္စအား အတည်ပြုပေးခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် အစိုးရအဖွဲ့သည် ပြည်တွင်းအစာစက်ရုံ (၅၅) ရုံအား တင်းကြပ်သည့် အစီအမံများ ဆောင်ရွက်သွားရန် အတည်ပြုပေးခဲ့ ကြောင်း၊ ၎င်းတို့အနေဖြင့် အရောင်းကုန်ကျငွေ၊ ထုတ်လုပ်မှုပမာဏနှင့် စတော့လက်ကျန်စာရင်းများကို အစီရင်ခံတင်ပြသွားရန် နှင့် ၎င်းတို့၏ ထုတ်ကုန်များကို ဈေးနှုန်းမြှင့်တင်ခြင်းမပြုမီ ပြည်တွင်းကုန်သွယ်ရေးဉီးစီးဌာန၏ အတည်ပြုချက်အားရယူ၍ဆောင် ရွက်သွားရန်ဖြစ်ကြောင်း သိရှိရပါသည်။

(၂၄.၁.၂၀၂၂) ရက်နေ့တွင် အစိုးရအဖွဲ့မှ ထုတ်ကုန်ပစ္စည်း (၄) ခုအတွက်  ဈေးနှုန်းထိန်းချုပ်မှုကို နောက်ထပ်တစ်နှစ် သက်တမ်း ထပ်တိုးရန်ကိစ္စကိုလည်း အတည်ပြုပေးခဲ့ကြောင်း၊ ၎င်းတို့မှာ နှာခေါင်းစည်းများ၊ နှာခေါင်းစည်းများပြုလုပ်ရန် လိုအပ်သော Synthetic fibres များ၊ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ပါဝင်ပစ္စည်းအဖြစ် အရက် (alcohol) ကို အသုံးပြုထားသော ထုတ် ကုန်များ၊ Waste paper နှင့် Recycle paper တို့ဖြစ်ကြောင်းသိရှိရပါသည်။        

ကုန်ပစ္စည်းများစွာ၏ ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့်အတူ အစိုးရအဖွဲ့အနေဖြင့် ဈေးနှုန်းများကိုထိန်းသိမ်းနိုင်ရန် အစီအမံများ စွာကို ဆောင်ရွက်လျှက်ရှိကြောင်း Ms. Rachada ၏ အဆိုအရ သိရှိရပါသည်။ ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ထုတ်လုပ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသောက်ကုန်များနှင့်ဆက်စပ်လျှက်ရှိသော အဖွဲ့အစည်း များအား ကြက်သားသာမကဘဲ ဟင်းခတ်ဆော့စ်များ၊ ခေါက်ဆွဲခြောက်များ၊ အချိုရည်များပါမကျန် ကုန်ပစ္စည်းများစွာတို့၏ ဈေးနှုန်းများကို ထိန်းသိမ်းနိုင်ရေးအတွက်  ပူးပေါင်းဆောင်ရွက်သွားရန် တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

Ms. Rachada ၏ အဆိုအရ ထိုင်းဝက်မွေးမြူသူများအသင်းအနေဖြင့် တရုတ်နှစ်သစ်ကူးပွဲတော် ပြီးဆုံးသည်အထိ ဝက်သား တစ်ကီလိုဂရမ်လျှင် ဘတ်ငွေ (၁၁၀) နှုန်းဖြင့် မွေးမြူရေးခြံများ၏ ဈေးနှုန်းကို ထိန်းသိမ်းထားပေးရန် သဘောတူညီမှုရခဲ့ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source:  Bangkok Post

 

Category: International News